ဝန်ကြီးချုပ်ရဲ့ သားနဲ့ ပတ်သက်တဲ့ သံသယဖြစ်ဖွယ် ဧည့်ခံကျွေးမွေး စည်းရုံးမှုကို လွှတ်တော်မှာ ဆွေးနွေး

ရုပ်သံထုတ်လွှင့်မှု ဆိုင်ရာ ကုမ္ပဏီတစ်ခုက အကုန်အကျခံခဲ့တဲ့ ညစာစားပွဲတစ်ခုအတွင်း ဂြိုဟ်တု ရုပ်သံထုတ်လွှင့်မှု လုပ်ငန်းနဲ့ ပတ်သက်ပြီး သူဆွေးနွေးခဲ့တယ်လို့ ဂျပန် ဆက်သွယ်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိ တစ်ဦးက ဝန်ခံခဲ့ပါတယ်။

ဝန်ကြီးချုပ် Suga Yoshihide ရဲ့ သားတစ်ဦးဟာ အဲဒီ ကုမ္ပဏီမှာ အလုပ်နေပြီး အဲဒီညစာစားပွဲကို တက်ရောက်ခဲ့ပါတယ်။
ဆက်သွယ်ရေးဝန်ကြီးဌာန သတင်းနဲ့ ဆက်သွယ်ရေး ဗျူရို အကြီးအကဲ Akimoto Yoshinori ဟာ သောကြာနေ့က အောက်လွှတ်တော် ဘတ်ဂျက်ကော်မတီ အစည်းအဝေးမှာ အဲဒီလို ပြောခဲ့တာဖြစ်ပါတယ်။
မဂ္ဂဇင်း တစ်စောင်မှာ မစ္စတာ Suga ရဲ့ သားဖြစ်သူဟာ မစ္စတာ Akimoto နဲ့ တခြား အကြီးတန်း အရာရှိတွေကို မနှစ်က အကြိမ်ကြိမ် ကျွေးမွေးဧည့်ခံခဲ့တာဟာ ဥပဒေ ချိုးဖောက်မှု ဖြစ်နိုင်တယ်လို့ မကြာသေးခင်က ထုတ်ဖော်ရေးသားခဲ့ပါတယ်။ ဒါ့အပြင် ဒီဇင်ဘာလက ဆွေးနွေးမှုတွေထဲက တစ်ခုလို့ အဲဒီ မဂ္ဂဇင်းက ဆိုနေတဲ့ အသံသွင်းချက်တစ်စိတ်တစ်ဒေသကို စာနဲ့ ရေးသားပြီးလည်း ထုတ်ပြန်ခဲ့ပါတယ်။
ဆက်သွယ်ရေးဝန်ကြီးဌာနဟာ ရုပ်သံလုပ်ငန်းနယ်ပယ်ကို ကြီးကြပ်နေပြီး ဝန်ကြီးဌာနက အစိုးရ အရာရှိတွေဟာ ဒီလုပ်ငန်းနယ်ပယ်က သက်ဆိုင်သူတွေဆီက လက်ဆောင်ပစ္စည်း လက်ခံတာ ဒါမှမဟုတ် ကျွေးမွေးဧည့်ခံမှု လက်ခံတာတွေ မလုပ်ရဘူးလို့ တားမြစ်ထားပါတယ်။
အောက်လွှတ်တော် ကော်မတီ အစည်းအဝေးမှာ မစ္စတာ Akimoto က အဲဒီ ဧည့်ခံပွဲကို သူဖိတ်ကြားခံရချိန်မှာ ဒီပွဲဟာ စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်နေတယ်လို့ သူမထင်ခဲ့မိကြောင်း ပြောပါတယ်။ သူ့ရဲ့ နားလည်မှု အားနည်းခဲ့တာအတွက် အထူးနောင်တရကြောင်း သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။