ပြည်နှင်ခံရသူတွေ မပြန်ခင်အထိ မိသားစုနဲ့ နေထိုင်ခွင့်ပြုဖို့ ဥပဒေပြင်ဆင်ချက် ဂျပန်အစိုးရ စီစဉ်နေ

ပြည်နှင်ခံထားရသူ နိုင်ငံခြားသားတချို့ကို ဂျပန်က မထွက်ခွာခင်အထိ မိသားစုဝင်တွေနဲ့ နေထိုင်ခွင့်ပြုဖို့ လူဝင်မှုကြီးကြပ်ရေး ဥပဒေကို ပြင်ဆင်ရေးအတွက် ဂျပန်အစိုးရက စီစဉ်နေပါတယ်။

ပြည်နှင်တာကို ငြင်းဆန်နေပြီးနောက် အစိုးရ ထိန်းသိမ်းရေးစခန်းတွေမှာ ချုပ်နှောင်ခံထားရတဲ့ နိုင်ငံခြားသား အရေအတွက် တိုးလာနေတာကို ကိုင်တွယ်ဖို့ ဥပဒေပြင်ဆင်ချက် မူကြမ်းတစ်ရပ်ကို ဂျပန်အစိုးရက သောကြာနေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။
ဒီမူကြမ်းမှာ ပြည်နှင်ခံထားရသူတွေဟာ ထွက်ပြေးမယ့်အန္တရာယ်မရှိဘူးလို့ ယူဆရတာအပါအဝင် ကန့်သတ်ချက်တွေနဲ့ ကိုက်ညီမယ်ဆိုရင် ဂျပန်ကနေ မထွက်ခွာခင်အချိန်အထိ သူတို့ရဲ့ မိသားစုဝင် ဒါမှမဟုတ် ထောက်ပံ့ကူညီသူတွေနဲ့ အတူနေထိုင်ခွင့် ပြုထားပါတယ်။
ဒါ့အပြင် ပြည်နှင်ခံရသူတွေအပေါ် မူအားဖြင့် သတ်မှတ်ထားတဲ့ နောက်တစ်ကြိမ် ပြန်မဝင်ရ ကန့်သတ်ကာလ ၅ နှစ် ကို မိမိတို့ စရိတ်နဲ့ နိုင်ငံကို ပြန်မယ်ဆိုရင် ၁ နှစ် အဖြစ် လျှော့ချပေးတဲ့ အချက်လည်း ပါဝင်ပါတယ်။
ဒီ ပြင်ဆင်ချက်မူကြမ်းကို လက်ရှိ လွှတ်တော်အစည်းအဝေးမှာ တင်ပြဖို့ အစိုးရက စီစဉ်နေပါတယ်။