ဂျပန်နဲ့ အမေရိက အပါအဝင် နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေး

ဂျပန်၊ အမေရိကန်ပြည်ထောင်စု၊ ဩစတြေးလျနဲ့ အိန္ဒိယက နိုင်ငံခြားရေး ထိပ်တန်းအရာရှိတွေဟာ လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသ ဖော်ဆောင်ရေး အမြင်ချင်းဖလှယ်ဖို့အတွက် တယ်လီဖုန်းနဲ့ ဆွေးနွေးပွဲကို ကျင်းပခဲ့ပါတယ်။

ဂျပန် နိုင်ငံခြားရေးဝန်ကြီး Motegi Toshimitsu ၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ၊ ဩစတေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne နဲ့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar တို့ ကြာသပတေးနေ့က ဆွေးနွေးမှုမှာ ပါဝင်ခဲ့ကြပါတယ်။
တရုတ်က ရေကြောင်းလှုပ်ရှားမှုတွေ လုပ်ဆောင်နေတဲ့ အရှေ့တရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်တွေမှာ "အနေအထားတွေကို တစ်ဖက်သတ် အင်အားသုံး ပြောင်းလဲဖို့ ကြိုးပမ်းမှုတွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်း" အဲဒီ အရာရှိတွေက သဘောတူခဲ့ကြပါတယ်။
ဒါ့အပြင် အရှေ့တောင်အာရှနိုင်ငံများ အသင်း၊ ပစိဖိတ်ကျွန်းနိုင်ငံတွေ၊ ဥရောပနိုင်ငံတွေနဲ့ ချိတ်ဆက် ပူးပေါင်းဆောင်ရွက်မှု ပိုမို တိုးချဲ့သွားဖို့ကိုလည်း သူတို့က သဘောတူခဲ့ကြပါတယ်။
ဆွေးနွေးမှုအပြီးမှာ မစ္စတာ Motegi က ဒီဆွေးနွေးမှုကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Blinken က ကမကထပြု ကျင်းပခဲ့တာဖြစ်ပြီး လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ် ဒေသ ဖော်ဆောင်ရေးမှာ အမေရိကန်အစိုးရသစ်က အထူးအာရုံစိုက်နေဆိုတာကို ပြသနေတယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။