TIME 100 Next list ကျော်ကြားသူ ၁၀၀ စာရင်းမှာ'Demon Slayer' ဖန်တီးသူ စာရင်းဝင်ဖြစ်

“Kimetsu no Yaiba ဒါမှမဟုတ် Demon Slayer” လို့ လူသိများတဲ့ နာမည်ကြီး ဂျပန်ကာတွန်းဇာတ်လမ်းတွဲ ဖန်တီးသူ ဟာ အမေရိကန် မဂ္ဂဇင်း Time ရဲ့ အနာဂတ်ကို ပုံဖော်နေတဲ့ ခေါင်းဆောင် ၁၀၀ စာရင်းမှာ ဖော်ပြခံထားရပါတယ်။

၂၀၂၁ TIME 100 Next စာရင်းဝင်အဖြစ် ဂျပန်နိုင်ငံက Gotouge Koyoharu ကို အဲဒီမဂ္ဂဇင်းက ဗုဒ္ဓဟူးနေ့မှာ ရွေးချယ်ခဲ့ပါတယ်။
ဒီရုပ်ပြဖန်တီးသူရဲ့ ဇာတ်လမ်းတွဲဟာ ဂျပန်မှာ လူတွေကို လွှမ်းမိုးထားပြီး စောင်ရေပေါင်း သန်း ၁၀၀ ကျော် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။
အဲဒီ ရုပ်ပြဇာတ်လမ်းတွဲ ကို အခြေခံပြီး ရိုက်ကူးထားတဲ့ အာနီမေးရှင်း ရုပ်ရှင်ဟာ ဂျပန်နိုင်ငံမှာ ဝင်ငွေ စံချိန်တင် ခဲ့တယ်လို့ TIME မဂ္ဂဇင်းက ဆိုပါတယ်။ အဲဒီဖြစ်ရပ်ကို“အိပ်မက်ဆန်တဲ့ အောင်မြင်မှု” လို့ အဲဒီမဂ္ဂဇင်းက တင်စားဖော်ပြခဲ့ပါတယ်။
ဒီနှစ်ရဲ့ စာရင်းထဲမှာ ၂၀၁၉ ခုနှစ်က အသက် ၃၄ နှစ်နဲ့ ဖင်လန်နိုင်ငံ ၀န်ကြီးချုပ်ဖြစ်လာတဲ့ Sanna Marin လည်း ပါဝင်ပါတယ်။ ထိုင်းနိုင်ငံက အစိုးရဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ လူ့အခွင့်အရေးရှေ့နေ Arnon Nampa လည်းပါဝင်ပါတယ်။