ငလျင်လှုပ်ချိန်မှာ လုပ်ဆောင်စရာများ (၄)

နောက်ထပ် ရက်အတော်ကြာ အင်အားပြင်း ငလျင် လှုပ်ခတ်နိုင်ဖွယ် ရှိတဲ့အတွက်ကြောင့် ပြည်သူတွေ သတိထားကြဖို့ ဂျပန်အစိုးရ ကျွမ်းကျင်သူတွေရဲ့ ကော်မတီက သတိပေးနေပါတယ်။

ဂျပန် အရှေ့မြောက်ပိုင်း ဖူကုရှီမနဲ့ မီယာဂီ ခရိုင်တွေမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က မဂ္ဂနီကျုဒ် ၇.၃ ရှိတဲ့ ငလျင်လှုပ်ခဲ့ပြီးနောက်ပိုင်း အဲဒီလို သတိပေးခဲ့တာဖြစ်ပါတယ်။ အဲဒီငလျင်ဟာ ၀ ကနေ ၇ အဆင့်ထိရှိတဲ့ ဂျပန်ငလျင်တိုင်းတာရေး စနစ်အရ ၆ အပြင်းစား အဆင့် ရှိခဲ့ပါတယ်။

ဒီတစ်ပတ်မှာတော့ အလွန်ပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခဲ့ရင် ဘယ်လိုတုံ့ပြန်ရမလဲ ဆိုတာနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေကို တင်ပြပေးပါမယ်။ ဒီနေ့မှာတော့ ပထမအကြိမ် ငလျင်ကြီး လှုတ်ခတ်ခဲ့ပြီးတဲ့နောက် နောက်ဆက်တွဲ ငလျင်ကြီးတစ်ခု လှုပ်လာခဲ့ရင် ဘယ်လို ရင်ဆိုင်ရမယ် ဆိုတာကို ပြောပြပေးပါမယ်။ ငလျင်အကြီးကြီးတစ်ခု လှုပ်ခတ်သွားတဲ့ ငလျင်ဗဟိုချက် အနီးတဝိုက်က နေရာတွေမှာ နောက်ထပ် ငလျင်ကြီးတွေ လှုပ်လေ့ရှိပါတယ်။
အရေးကြီးတဲ့အချက်ကတော့ ပုံမှန်ထက် ကြီးမားတဲ့ ငလျင်လှုပ်တာမျိုး ဖြစ်နိုင်တယ်လို့ စိတ်ထဲမှာ အမြဲသတိထားနေပါ။ ဥပမာ- ၂၀၁၆ ခုနှစ်က Kumamoto ခရိုင်မှာ မဂ္ဂနီကျုဒ် ၆.၅ (ဂျပန့်စံနှုန်း ၇ အဆင့်) ရှိတဲ့ ငလျင်လှုပ်ခတ်သွားပြီး ‌နောက်တစ်နေ့မှာ ၇.၃ မဂ္ဂနီကျုဒ်ရှိတဲ့ ပိုမို ကြီးမားတဲ့ ငလျင်ကြီး ဖြစ်ပွားခဲ့ပါတယ်။
ပြင်းထန်တဲ့ ငလျင်တစ်ခု လှုပ်ခတ်ပြီးတဲ့အခါ သတိထားရမယ့် အချက်တွေကို ပြောပြပေးပါမယ်။
၁။ ငလျင်စလှုပ်ပြီး တစ်ပတ်အတွင်းမှာပဲ တူညီတဲ့ ပြင်းအားရှိတဲ့ နောက်ထပ်ငလျင်တစ်ခု လှုပ်နိုင်ခြေ ရှိတာကို သတိထားရပါမယ်။
၂။ ပထမအကြိမ်ငလျင်လှုပ်ပြီး ၂ ရက် ကနေ ၃ ရက်အတွင်းမှာ ပိုမိုပြင်းထန်တဲ့ ပြင်းအားရှိတဲ့ ငလျင်ကြီးတစ်ခု ထပ်မံဖြစ်ပွားနိုင်ပါတယ်။
၃။ ငလျင်လှုပ်ခတ်တဲ့ နေရာမှာ ဖြစ်ပွားတဲ့ ပျက်စီး ယိုယွင်းမှုတွေကြောင့် မြေပြိုတာနဲ့ ကျောက်တုံး ကျောက်ခဲတွေ ပြိုကျလာနိုင်ခြေ မြင့်မားနေပြီး ထိခိုက် ပျက်စီး မှုတွေ ဖြစ်နိုင်ပါတယ်။
၄။ ဂျပန်ငလျင်တိုင်းတာရေး စနစ်အရ ပြင်းအားအဆင့် ၆ အထက်မှာရှိတဲ့ ငလျင်ဟာ အိမ်ပြိုကျနိုင်တဲ့ အန္တရာယ် မြင့်မားပါတယ်။
၅။ နောက်ထပ် ငလျင်ကြီးတွေ ထပ်မဖြစ်နိုင်ဘူးလို့ မစဉ်းစားဘဲ နိုးနိုးကြားကြားရှိပြီး သတိနဲ့နေဖို့ တိုက်တွန်းချင်ပါတယ်။