WHO အတွက် တာဝန်ရှိတဲ့ ဒေါ်လာ သန်း ၂၀၀ ကျော် အမေရိကန် ပေးမယ်လို့ ဆို

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) အတွက် ပေးဖို့ တာဝန်ရှိတဲ့ အမေရိကန် ဒေါ်လာ သန်း ၂၀၀ ကျော်ကို အခုလကုန် နောက်ဆုံးထား ပေးအပ်ဖို့ ရည်ရွယ်ထားတယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောလိုက်ပါတယ်။

ဒါ့အပြင် သမ္မတဟောင်း Donald Trump ရဲ့ လမ်းစဉ်ကနေ ပြောင်းလဲပြီး ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာ WHO နဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ သဘောထားကိုလည်း အမေရိကန်ပြည်ထောင်စုက အလေးထားပြောကြားခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့မှာ ကိုရိုနာဗိုင်းရပ်စ် တုံ့ပြန်ရေး ဆွေးနွေးဖို့ အွန်လိုင်းကနေ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဝန်ကြီးအဆင့် အစည်းအဝေးမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinkenက စကားပြောခဲ့ပါတယ်။
သူက “အမေရိကန်ပြည်ထောင်စုဟာ နိုင်ငံတကာ ကျန်းမာရေး ခေါင်းဆောင်သူ အဖြစ် ပြန်လည် ထမ်းဆောင်မယ်” ဆိုတာကို သမ္မတ Joe Biden က ရှင်းရှင်းလင်းလင်း ပြောကြားထားတယ်လို့ ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ လူမျိုးပေါင်းစုံဝါဒကို ယုံကြည်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို နိုင်ငံတကာက တုံ့ပြန်ရေးမှာ ကုလသမဂ္ဂနဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းတို့ဟာ မရှိမဖြစ် လိုအပ်ကြောင်း အမေရိကန်ပြည်ထောင်စုက ယုံကြည်တယ်လို့ မစ္စတာ Blinkenက ဆိုပါတယ်။
“ပေးဖို့ ဆုံးဖြတ်ထားတဲ့ WHO အတွက် တာဝန်ရှိတဲ့ အမေရိကန် ဒေါ်လာ သန်း ၂၀၀ ကျော်ကို အခုလကုန်နောက်ဆုံးထားပြီး အမေရိကန်ပြည်ထောင်စုက ပေးဖို့ ရည်ရွယ်ထားပါတယ်။ ဒါဟာ WHO အဖွဲ့ဝင်တစ်ဦးအနေနဲ့ ငွေကြေးဆိုင်ရာ တာဝန်ကို အပြည့်အဝ ထမ်းဆောင်သွားဖို့ ဦးတည်တဲ့ အရေးပါတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်” လို့ သူက ပြောခဲ့ပါတယ်။