ဒီမိုကရေစီအတွက် နောက်ဆုံးအထိ တိုက်ပွဲဝင်သွားမယ်လို့ NLD တာဝန်ရှိသူတစ်ဦးပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အကြီးတန်းအရာရှိတစ်ဦးက ပြည်သူတွေနဲ့ အတူ စစ်တပ်ကို ထိပ်တိုက်ရင်ဆိုင်ဖို့ ဆုံးဖြတ်ထားတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အင်္ဂါနေ့က NHK နဲ့ အွန်လိုင်း အင်တာဗျူးတစ်ခုမှာ လွှတ်တော်အမတ် မဖြူဖြူသင်းက သူနဲ့ တခြား အကြီးတန်းပါတီဝင်တွေဟာ နေ့စဉ် ဆန္ဒပြတဲ့နေရာတွေကို ပြောင်းလဲပြီးတော့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေကို ဆက်ပြီး ကြံ့ကြံ့ခံ ရင်ဆိုင်သွားမယ်လို့ ပြောပါတယ်။
ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်း ခံထားရပါတယ်။ သူဟာ စွဲချက် ၂ ခုနဲ့ ရင်ဆိုင်နေရတာကြောင့် သူ့ကို ထိန်းသိမ်းမှုဟာ ကြာရှည်နိုင်ဖွယ်ရှိပါတယ်။
ဆန္ဒပြမှုတွေမှာ ပြည်သူတွေအများကြီး ပါဝင်လာတာဟာ သူနဲ့ ပါတီဝင်တွေအတွက် တွန်းအားဖြစ်စေတယ်လို့ မဖြူဖြူသင်းက ပြောပါတယ်။ ဒီလှုပ်ရှားမှုဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ နောက်ဆုံး တိုက်ပွဲလို့ သူက ခေါ်ဆိုလိုက်ပါတယ်။
အဓိကအားဖြင့် ပြီးခဲ့တဲ့ နိုဝင်ဘာလက ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ရွေးချယ်ခံရတဲ့ လွှတ်တော် အမတ်တွေပါဝင်တဲ့ အဖွဲ့သစ်ကို ဖွဲ့စည်းလိုက်တယ်လို့လည်း သူက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
စစ်အစိုးရထက် ပြည်သူတွေက ရွေးချယ်ထားတဲ့ လွှတ်တော် အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အစိုးရတစ်ရပ်ကို ထောက်ခံဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုနေတယ်လို့ သူက ပြောပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ၊ အနောက်နိုင်ငံတွေက သံရုံးတွေနဲ့ တခြားနိုင်ငံတွေရဲ့ ထောက်ခံမှုရဖို့ ကြိုးပမ်းနေတယ်လို့လည်း သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။