မြန်မာနိုင်ငံမှာ နည်းဗျူဟာသစ်တွေနဲ့ ဆန္ဒပြ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာလွှဲပြောင်းယူထားတာကို ဆန့်ကျင်နေတဲ့ ဆန္ဒပြမှုတွေ ပိုများ လာနေပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာ သိမ်းလိုက်ပြီး မြန်မာနိုင်ငံရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီးနောက် အခုလက်ရှိ ဆန္ဒပြမှုတွေ ဖြစ်လာခဲ့ပါတယ်။ သူ့ကို ဒီသီတင်းပတ်မှာ ပြန်လွှတ်ပေးရမှာ ဖြစ်ပေမဲ့ ဆက်ပြီး ထိန်းသိမ်းထားနိုင်ခြေရှိပါတယ်။
ရန်ကုန်မြို့မှာ ထောင်ပေါင်းများစွာရှိတဲ့ ဆန္ဒပြသူတွေဟာ ဗုဒ္ဓဟူးနေ့မှာ လမ်းတွေပေါ်ကို ထပ် ထွက်လာခဲ့ကြပါတယ်။
ဆိုရှယ်မီဒီယာတွေပေါ်ကနေ တွန်းအားပေးခဲ့တဲ့ နည်းဗျူဟာတစ်ခုဖြစ်တဲ့ ကားတွေကို တမင်တကာရပ်ပြီး လမ်းတွေပိတ်ဆို့တာတွေကို ဆန္ဒပြသူတွေ လုပ်ဆောင်ခဲ့ ပါတယ်။ ဆန္ဒပြသူတွေက အစိုးရအရာရှိတွေကို ဒီသပိတ်မှာ ပါဝင်ကြဖို့ တောင်းဆိုနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဥပဒေကို ချိုးဖောက်တယ်လို့ စွပ်စွဲခံထားရကြောင်း သူ့ရဲ့ ရှေ့နေက အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။
စစ်တပ်က ဆန္ဒပြမှုတွေကို အကြမ်းဖက်မှုအဖြစ် သတ်မှတ်ပြီး ၃ ည ဆက်တိုက် အင်တာနက် ဖြတ်တောက်ပြီး ဖိအားတွေ ပိုပေးလာနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ထိန်းသိမ်း ထားခြင်းအားဖြင့် ပြည်သူတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွှမ်းမိုးမှုကို ထိန်းချုပ်ထားနိုင်မယ်လို့ စစ်တပ်က မျှော်လင့်နေ ပါတယ်။
Tampadipa Institue အဖွဲ့က ညွှန်ကြားရေးမှူး ဦးခင်ဇော်ဝင်းဟာ နိုင်ငံရေးလေ့လာသူတစ်ဦးဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ စစ်တပ် ခေါင်းဆောင်တွေဟာ အရေးပေါ်အခြေအနေ ၁ နှစ် ထားပြီးနောက် ၆ လအကြာမှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေတာတောင်မှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထင်ပေါ်ကျော်ကြားမှုနဲ့ နိုင်ငံရေးစွမ်းရည် အလားအလာရှိမှုကို ကြောက်ရွံ့နေကြတယ်လို့ သူက ထောက်ပြခဲ့ပါတယ်။
ဆန္ဒပြသူတွေနဲ့ စစ်တပ်အကြားက တင်းမာမှုတွေ တိုးလာနေတာကို ထိန်းသိမ်းဖို့ဆိုတာ ရွေးကောက်ပွဲတစ်ခုကို စောစောစီးစီး ကျင်းပပေးတာက အကောင်းဆုံး နည်းလမ်းဖြစ်တယ်လို့ ဦးခင်ဇော်ဝင်းက ပြောပါတယ်။