ဂျပန်မှာ အရေးပေါ်အခြေအနေ ဆက်ထားဖို့ စဉ်းစားနေ

ဂျပန်အစိုးရဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းတွေ ချောချောမွေ့မွေ့ဖြစ်စေရေး အာမခံနိုင်ဖို့အတွက် လက်ရှိ အရေးပေါ်အခြေအနေ ကြေညာချက်ကို ဆက်ထားဖို့ အစီအစဉ်ကို စဉ်းစားနေပါတယ်။

ဂျပန်နိုင်ငံမှာ ရောဂါပိုးကူးစက်ခံရသူအသစ် အရေအတွက် ကျဆင်းလာနေပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကလည်း တဖြည်းဖြည်းနဲ့ တိုးတက်လာနေပါတယ်။ ဒါပေမဲ့ ကူးစက်မှု ကျဆင်းလာတဲ့ အရှိန်က နှေးကွေးနေပြီး ရောဂါကူးစက်မှုလမ်းကြောင်းကို မစစ်ဆေးနိုင်တဲ့ အရေအတွက်က အပြောင်းအလဲမရှိ ဒါမှမဟုတ် အနည်းငယ် မြင့်တက်တဲ့ အနေအထား ဖြစ်နေပါတယ်။
ကိုရိုနာဗိုင်းရပ်စ်အတွက်နဲ့ သာမန်ကျန်းမာရေး ဝန်ဆောင်မှုတွေ၊ ကာကွယ်ဆေးထိုးတာတွေကို ကျန်းမာရေးဝန်ထမ်းတွေက မဖြစ်မနေ လုပ်ရတာကြောင့် အတတ်နိုင်ဆုံး သူတို့တွေကို အလုပ်ပင်ပန်းမှုတွေ လျော့ပါးအောင် လုပ်ပေးဖို့ လိုအပ်တယ်လို့ ကိုရိုနာဗိုင်းရပ်စ် တုံ့ပြန်ဆောင်ရွက်ရေး တာဝန်ခံ စီးပွားရေး ပြန်လည်အားကောင်းလာစေရေးဝန်ကြီး Nishimura Yasutoshi က ဗုဒ္ဓဟူးနေ့က အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။
ကာကွယ်ဆေးထိုးရင် ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ အပါအဝင် သတင်းအချက်အလက်တွေ ပေးပြီး ကာကွယ်ဆေးထိုးရေး လှုံ့ဆော်မှု စနစ် တောင့်တင်း ခိုင်မာစေဖို့အတွက် အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ ဂျပန်အစိုးရက ပြောပါတယ်။