အိုလံပစ်ဆိုင်ရာဝန်ကြီးကို ဥက္ကဋ္ဌအဖြစ် တရားဝင်ဆုံးဖြတ်

အိုလံပစ်ဆိုင်ရာဝန်ကြီး Hashimoto Seiko ကို တိုကျို အားကစားပွဲ ကျင်းပရေးကော်မတီရဲ့ ဥက္ကဋ္ဌသစ် အဖြစ် ခန့်အပ်ဖို့ တရားဝင် ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။ သူဟာ မစ္စတာ Mori Yoshiro ရဲ့ ရာထူးကို ဆက်ခံမှာ ဖြစ်ပါတယ်။

အသက် ၅၆ နှစ်အရွယ် မီးစ် Hashimoto ဟာ နိုင်ငံရေးကို ဇောက်ချလုပ်ဖို့ မဆုံးဖြတ်ခင်က ဆောင်းရာသီအိုလံပစ် အားကစားပွဲ ရေခဲပြင်စကိတ်စီးပြိုင်ပွဲ ၄ ကြိမ်နဲ့ နွေရာသီ အိုလံပစ်အားကစားပွဲ စက်ဘီးစီး ပြိုင်ပွဲ ၃ ကြိမ် ယှဉ်ပြိုင်ခဲ့ပါတယ်။
ရွေးချယ်ရေးဆိုင်ရာအကြံပေးအဖွဲ့က အားကစားပွဲအတွက် ကြိုတင် ပြင်ဆင်မှုတွေ လုပ်နေတဲ့ နောက်ဆုံးလအထိ ပွဲကျင်းပသူတွေကို ဘယ်သူက ဦးဆောင်သင့်တယ်ဆိုတာ ဆုံးဖြတ်ဖို့ တံခါးပိတ်အစည်းအဝေးတွေကို ဆက်တိုက် ကျင်းပခဲ့ပါတယ်။
အရင် ဥက္ကဋ္ဌ Mori Yoshiro ကြောင့် နိုင်ငံတကာမှာ အငြင်းပွားစရာ ကိစ္စတွေ ဖြစ်ပေါ်ခဲ့တဲ့နောက်ပိုင်း မီးစ် Hashimoto ဟာ ပွဲကျင်းပရေးနဲ့ သက်ဆိုင်သူတွေကို လုပ်ငန်းစဉ်တွေ ချောမွေ့စေရေး တွန်းအားပေးဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှုတွေ ဖြစ်စေခဲ့တဲ့ ကျား-မ ခွဲခြားတဲ့ မှတ်ချက်စကားတွေကို ပြောခဲ့ပြီးနောက် မစ္စတာ Mori ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ရာထူးက နုတ်ထွက်မယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။