ဂျပန်မှာ ငလျင်လှုပ်ခဲ့ပြီးတဲ့နောက် Toyota ကုမ္ပဏီ ထုတ်လုပ်မှုတချို့ ရပ်ဆိုင်း

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဂျပန်မှာ အင်အားပြင်း ငလျင်ကြီးတစ်ခု လှုပ်ခဲ့ပြီးတဲ့နောက် ထုတ်လုပ်ရေးမှာ လိုအပ်တဲ့ပစ္စည်းအစိတ်အပိုင်းတွေ သယ်ယူပို့ဆောင်ဖို့ နှောင့်နှေးခဲ့ရတာကြောင့် Toyota Motor ကုမ္ပဏီဟာ ထုတ်လုပ်မှုတချို့ကို ရပ်ဆိုင်းခဲ့ပါတယ်။

Toyota Motor ကုမ္ပဏီဟာ ဗုဒ္ဓဟူးနေ့ကစပြီး နိုင်ငံတဝန်းမှာရှိတဲ့ စက်ရုံ၉ရုံက ထုတ်လုပ်ရေးစနစ် ၁၄ခုကို စတင်ရပ်ဆိုင်းနေပြီး ၄ရက်ကြာတဲ့အထိ ရပ်ဆိုင်းသွားမှာ ဖြစ်ပါတယ်။
အဲဒီစက်ရုံတွေဟာ များသောအားဖြင့် SUV အမျိုးအစားယာဉ်တွေကနေ စွမ်းအင်ပေါင်းစပ်သုံး hybrid ယာဉ်တွေအထိ အမျိုးမျိုးထုတ်လုပ်နေတာ ဖြစ်ပါတယ်။
ငလျင်ကြောင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း semiconductor တွေ သယ်ယူ ပို့ဆောင်မှုတွေအပေါ် ထိခိုက်မှုမရှိခဲ့ကြောင်း ကုမ္ပဏီအရာရှိတွေက မှတ်ချက်ပြုခဲ့ပါတယ်။ ကားထုတ်လုပ်မှုနယ်ပယ်မှာ ကမ္ဘာတစ်ဝန်း အဲဒီ ပစ္စည်းတွေ ရှားပါးမှုနဲ့ ရုန်းကန်နေရတဲ့အကြား အခုလို ဖြစ်လာတာ ဖြစ်ပါတယ်။