IAEA ရဲ့ ရှောင်တစ်ခင် စစ်ဆေးမှုတွေကို အီရန် တားမြစ်သွားမယ်

လာမယ့်သီတင်းပတ် အင်္ဂါနေ့မှာ စတင်မယ့် နိုင်ငံတကာအနုမြူစွမ်းအင် အေဂျင်စီ (IAEA) ရဲ့ ရှောင်တစ်ခင် စစ်ဆေးမှုတွေကို အီရန်နိုင်ငံအနေနဲ့ တားမြစ်သွားမယ်လို့ အကြောင်းကြားခဲ့ကြောင်း IAEA က ဆိုပါတယ်။

အင်အားကြီးနိုင်ငံတွေနဲ့ ၂၀၁၅ခုနှစ်က ချုပ်ဆိုထားတဲ့ နျူကလီးယား သဘောတူညီချက်စာချုပ်အရ ခွင့်ပြုထားတဲ့ အဲဒီလိုနျူကလီးယား အဆောက်အအုံ တွေမှာ စစ်ဆေးမှုလုပ်ဆောင်တာတွေကို တားမြစ်သွား ဖွယ်ရှိတယ်လို့ အီရန်က အကြောင်းကြားခဲ့ကြောင်း IAEA ကအင်္ဂါနေ့က NHK ကို ပြောခဲ့ပါတယ်။
အီရန်ရဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်မှုတွေရရှိဖို့အတွက် ဆွေးနွေးညှိနှိုင်းဖို့ IAEA ရဲ့ ညွှန်ကြားရေးမှူးချုပ် Rafael Grossi က အီရန်ကို သွားရောက်ဖွယ်ရှိတယ်လို့ IAEA က ပြောခဲ့ပါတယ်။
အမေရိကန်က အီရန်အပေါ် အရေးယူပိတ်ဆို့မှုတွေ မရုပ်သိမ်းပေးရင် IAEA ရဲ့ ရှောင်တစ်ခင်စစ်ဆေးမှုတွေ နဲ့ တခြား စစ်ဆေးအတည်ပြုတဲ့ လှုပ်ရှားမှုတွေကို ခွင့်ပြုတဲ့ နျူကလီးယားသဘောတူစာချုပ်ရဲ့ ထပ်ဆောင်း လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ဖို့ အီရန်က ဆိုင်းငံ့သွားမှာ ဖြစ်တယ်လို့ သတိပေးနေပါတယ်။
စစ်ဆေးမှုတွေကို တားမြစ်တာဟာ အီရန်ရဲ့ နျူကလီးယားအစီအစဉ် နဲ့ ဖြစ်နိုင်ခြေရှိတဲ့ စစ်ရေးရည်ရွယ်ချက်တွေအတွက် အသုံးပြုမှုရှိ၊မရှိကို IAEA က စစ်ဆေးဖို့ ခက်ခဲလာစေနိုင်ပါတယ်။
အီရန်ဘက်က အခုလိုလုပ်ဆောင်လိုက်တာဟာ အမေရိကန်သမ္မတဟောင်း Donald Trump ကချမှတ်ခဲ့တဲ့ အရေးယူပိတ်ဆို့မှုတွေကို သမ္မတ Joe Biden ရဲ့အစိုးရအဖွဲ့က ရုပ်သိမ်းပေးဖို့အတွက် နောက်ထပ် ဖိအား တိုးမြှင့်ပေးနေတာလို့ ရှုမြင်ရပါတယ်။