ဂျပန်ပင်လယ်ဘက်နဲ့ နီးတဲ့ ဒေသတွေမှာ နှင်းမုန်တိုင်းကျရောက်မယ်လို့ ခန့်မှန်း

ဂျပန် မိုးလေဝသ အရာရှိတွေက ဗုဒ္ဓဟူးနေ့မှာ ဂျပန်ပင်လယ်ကို မျက်နှာမူထားတဲ့ ဧရိယာတွေမှာ နှင်းမုန်တိုင်း အကြီးအကျယ် ကျရောက်ဖွယ်ရှိတယ်လို့ သတိပေးနေပါတယ်။ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုတွေ ဖြစ်လာနိုင်တဲ့အတွက် သတိထားကြဖို့ အရာရှိတွေက တိုက်တွန်းနေပါတယ်။

ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းနဲ့ အားကောင်းတဲ့ ဆောင်းရာသီ လေဖိအား ပုံစံတွေကြောင့် အထူးသဖြင့် ကမ်းခြေဧရိယာတွေမှာ လေပြင်းတွေ ပိုမိုတိုက်ခတ်ပြီး ဟော့ကိုင်းဒိုးကျွန်းရဲ့ နေရာတွေမှာ ပြင်းထန်တဲ့ နှင်းမုန်တိုင်း ကျရောက်မယ်လို့ မိုးလေဝသ အေဂျင်စီက ဆိုပါတယ်။
ဂျပန်ပင်လယ်ကမ်းခြေ တစ်လျှောက်မှာ နှင်းတွေ ပိုပြီးတော့ သည်းထန်နေပါတယ်။ နီးဂါ့တ နဲ့ ယာမာ့ဂါ့တ ခရိုင်တွေရဲ့ တချို့နေရာတွေမှာ ဗုဒ္ဓဟူးနေ့ နေ့လယ် ၁၁နာရီအထိ ၆နာရီအတွင်းမှာ နှင်းတွေ ၃၀ စင်တီမီတာအထိ စုပုံကျခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့ အနှောင်းပိုင်းမှာ ဟော့ကိုင်းဒိုးကနေ ကျူးရှုးအထိ ဂျပန်ပင်လယ် ဘက်ခြမ်း တစ်လျှောက် လေပြင်းတိုက်ခတ်မှုနဲ့ နှင်းကျတာတွေ ပြင်းထန်မယ်လို့ ခန့်မှန်းရပါတယ်၊။
ဂျပန် မြောက်ပိုင်းမှာ အရှေ့ကို လုံးဝမမြင်နိုင်အောင် နှင်းသည်းထန်မှု အနေထားဖြစ်ပေါ်နိုင်တာကို မိုးလေဝသ အရာရှိတွေက သတိပေးနေပါတယ်။ နှင်းမုန်တိုင်းတိုက်ခတ်မှုနဲ့ လေတိုက်တာကြောင့် နှင်းစုပုံမှုတွေ ဖြစ်နိုင်တယ်လို့ သူတို့က ဆိုပါတယ်။
ဟော့ကိုင်းဒိုး၊ တိုးဟိုကုနဲ့ ဟိုကုလိကု ဒေသတွေမှာ လှိုင်းကြီးတာနဲ့ ပင်လယ်ပြင်မှာ မုန်တိုင်းထန်တဲ့ အနေအထားတွေလည်း ဖြစ်ပေါ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အားကောင်းတဲ့ လေအေးထု စီးဝင်လာနေတာကြောင့် ကြာသပတေးနေ့ အထိ ဟော့ကိုင်းဒိုးကနေ ကျူးရှုးအထိ ဂျပန်ပင်လယ် ကမ်းခြေ တစ်လျှောက်မှာ ရံဖန်ရံခါ နှင်းမုန်တိုင်းတွေ ဖြစ်ပေါ်မယ်လို့ ခန့်မှန်းရပါတယ်။ ဂျပန်အနောက်ပိုင်းက မြေနိမ့်ပိုင်းဧရိယာတွေမှာတောင် နှင်းကျပြီး စုပုံလာနိုင်ပါတယ်။