ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းမှု ကာလ တိုးမြှင့်

ရာထူးက ဖယ်ရှားပြီး ထိန်းသိမ်းခံခဲ့ရတဲ့ မြန်မာနိုင်ငံက ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိန်းသိမ်းမှု ကာလ တိုးမြှင့်ခြင်း ခံခဲ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် တခြားခေါင်းဆောင်တွေဟာ ဖေဖော်ဝါရီလ ၁ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထိန်းသိမ်းခံခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းတဲ့ ကာလဟာ ဗုဒ္ဓဟူးနေ့မှာ ကုန်ဆုံးဖို့ ရှိခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ကိုင်စကားပြောစက်တွေကို တရားမဝင် တင်သွင်းခဲ့ပြီး ခွင့်ပြုချက်မရဘဲ အသုံးပြုခဲ့တယ်လို့ စွပ်စွဲခံထားရကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေနဲ့ နေပြည်တော်မှာ ရှိတဲ့ တရားရုံး အရာရှိတွေက သတင်းထောက်တွေကို အင်္ဂါနေ့က သီးခြားဆီ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့တယ်လို့လည်း စွပ်စွဲခံထားရကြောင်း သူတို့က ဆိုပါတယ်။ သမ္မတ ဦးဝင်းမြင့်ဟာလည်း အလားတူ စွပ်စွဲခံထားရပါတယ်။
ခေါင်းဆောင် နှစ်ဦးဟာ အင်္ဂါနေ့မှာ အွန်လိုင်းကနေ တရားရုံးရဲ့ ကြားနာမှုကို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ နောက်တစ်ကြိမ် ကြားနာမှုကိုတော့ မတ်လ ၁ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။
စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ နှစ်ဦးစလုံး ကျန်းကျန်းမာမာ ရှိကြတယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။