Wuhan မှာ ကနဦးတင်ပြချက်တွေထက် စောပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေခဲ့လို့ WHO ကျွမ်းကျင်သူ ဆို

တရုတ်နိုင်ငံ Wuhan မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ဟာ ကနဦးတင်ပြချက်တွေထက် စောပြီး ကူးစက်ပြန့်ပွားနေခဲ့တာ သိသာထင်ရှားတဲ့ လက္ခဏာတွေ ရှိတယ်လို့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဇာစ်မြစ်ကို စုံစမ်းစစ်ဆေးဖို့အတွက် အဲဒီ မြို့ကို သွားရောက်ခဲ့တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ကျွမ်းကျင်သူအဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။

Geneva မြို့ WHO ရုံးချုပ်မှာ ရှိနေတဲ့ ဒိန်းမတ်နိုင်ငံသား အဲဒီ အဖွဲ့ရဲ့ ခေါင်းဆောင် Peter Ben Embarek ကို တနင်္လာနေ့မှာ NHK က အထူးသီးသန့် မေးမြန်းခဲ့ပါတယ်။
အဲဒီ အဖွဲ့ဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကနဦးအဆင့်က ကူးစက်ပြန့်ပွားမှုတွေနဲ့ ဆက်စပ်မှု ရှိနေတဲ့ ပင်လယ်စာ ရောင်းဝယ်တဲ့ဈေးအပါအဝင် နေရာ အများအပြားကို သွားရောက်စစ်ဆေးခဲ့ပြီး လူနာတွေကို ကုသပေးခဲ့တဲ့ ဆေးကုသရေးဝန်ထမ်းတွေကို မေးမြန်းခဲ့ပါတယ်။ ဗိုင်းရပ်စ်ပိုးဟာ မူလက ထင်ထားတာထက် ၂၀၁၉ခုနှစ် ဒီဇင်ဘာလကတည်းက ပိုပြီး ကျယ်ပြန့်စွာ ကူးစက်ပြန့်ပွားနေခဲ့တာ သိသာထင်ရှားတဲ့ လက္ခဏာတွေ ရှိတယ်လို့ မစ္စတာ Ben Embarek က ပြောပါတယ်။ ၂၀၁၉ခုနှစ် ဒီဇင်ဘာလမှာ ကူးစက်ခံရသူ ၁၇၄ ဦး ရှိခဲ့ပေမယ့် အဲဒီအချိန်က ပြင်းထန်တဲ့ လူနာတွေကိုသာ ကူးစက်ခံရသူအဖြစ် သတ်မှတ်ခဲ့တာဖြစ်ကြောင်း သူက ရှင်းပြခဲ့ပါတယ်။ မတွေ့ရှိခဲ့ပေမယ့် ရောဂါလက္ခဏာ သိပ်မပြတဲ့ ဒါမှမဟုတ် ရောဂါလက္ခဏာ လုံးဝ မပြတဲ့ ကူးစက်ခံရသူတွေရဲ့ အရေအတွက်ဟာ ပိုပြီး များနိုင်ခြေရှိတယ်လို့ သူက အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။
WHO က အဲဒီ ပညာရှင်အဖွဲ့ရဲ့ တွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး အစီရင်ခံစာတစ်စောင် ထုတ်ပြန်ဖို့ စီစဉ်နေပြီး တကယ်လို့ လိုအပ်ရင် Wuhan ကို နောက်ထပ် အဖွဲ့တစ်ဖွဲ့ စေလွှတ်ဖို့ စဉ်းစားနိုင်ဖွယ်ရှိတယ်လို့ ပြောပါတယ်။