ဂျပန်မှာ ကျန်းမာရေးဝန်ထမ်းတွေ ကာကွယ်ဆေး စထိုး

ဂျပန်နိုင်ငံတစ်ဝန်းက ဆေးကုသရေးဌာနတွေမှာ ကျန်းမာရေးဝန်ထမ်းတွေကို ကာကွယ်ဆေး စတင် ထိုးပေးနေပြီ ဖြစ်ပါတယ်။

အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer နဲ့ ဂျာမန်ကုမ္ပဏီ BioNTech က ပူးပေါင်းထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးကို ဆေးရုံ ၁၀၀ က ကျန်းမာရေးဝန်ထမ်း ၄၀,၀၀၀ လောက်ကို ပထမဆုံးအကြိမ် ထိုးပေးမှာ ဖြစ်ပါတယ်။
National Tokyo Medical Center က ဝန်ထမ်းတွေကို ဗုဒ္ဓဟူးနေ့က စပြီး ပထမဆုံးအကြိမ် ကာကွယ်ဆေး ထိုးပေးခဲ့ပါတယ်။ သီတင်းသုံးပတ်ကြာပြီး နောက်မှာတော့ သူတို့ကို ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးပေးမှာ ဖြစ်ပါတယ်။ အဲဒီစင်တာက ဝန်ထမ်း ၈၀၀ လောက်ဟာ ကာကွယ်ဆေး ထိုးပေးမဲ့ ကနဦးအုပ်စုမှာ ပါဝင်ပါတယ်။
မတ်လလယ်မှာတော့ ကျန်တဲ့ ကျန်းမာရေးဝန်ထမ်း ၃.၇သန်းအတွက် ကာကွယ်ဆေး ထိုးပေးရေး စတင်နိုင်ဖို့ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ပြင်ဆင်နေပါတယ်။ ဧပြီလက စပြီး အသက် ၆၅နှစ်နဲ့ အထက် ရှိတဲ့ သက်ကြီးရွယ်အိုတွေကို ကာကွယ်ဆေး စတင် ထိုးပေးဖို့အတွက်လည်း ကျန်းမာရေးဝန်ကြီးဌာနက စီစဉ်နေပါတယ်။