ငလျင်လှုပ်ချိန်မှာ လုပ်ဆောင်စရာများ (၂)

နောက်ထပ် ရက်အတော်ကြာ အင်အားပြင်း ငလျင်တွေကို သတိထားကြဖို့ ဂျပန်အစိုးရ ကျွမ်းကျင်သူတွေရဲ့ ကော်မတီက သတိပေးနေပါတယ်။ ဖူကုရှီမနဲ့ မီယာဂီ ခရိုင်တွေမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က လှုပ်ခဲ့တဲ့ မဂ္ဂနီကျုဒ် ၇.၃ ရှိတဲ့ ငလျင်လှုပ်ခဲ့ပြီးနောက် အဲဒီလို သတိပေးခဲ့တာဖြစ်ပါတယ်။

မိမိတို့ နေထိုင်တဲ့ ဧရိယာမှာ ကြီးမားတဲ့ ငလျင်လှုပ်တဲ့အခါ ဘာလုပ်ရမလဲ ဆိုတာတွေကို ဖော်ပြပါမယ်။
အင်အားပြင်းတဲ့ လှုပ်ခတ်မှုဖြစ်တဲ့အခါ အရေးပေါ် ငလျင် သတိပေးချက်တစ်ရပ်ကို ဂျပန် မိုးလေဝသ အေဂျင်စီက ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ သတိပေးချက် ထုတ်တာနဲ့ ငလျင်လှုပ်တာ အချိန်နည်းနည်းလေးပဲခြားတာ ဒါမှမဟုတ် ငလျင်လှုပ်ပြီးမှ သတိပေးချက်ထွက်တာတွေ ရှိတတ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မိမိရဲ့ ဘေးကင်းလုံခြုံမှုရယူဖို့ကို အမြဲတမ်း အဓိက ဦးစားပေးရပါမယ်။
အဆောက်အအုံ အတွင်းမှာ ရှိတဲ့အခါ လုပ်သင့်တာတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁) ဦးခေါင်းကို ကာကွယ်ပြီး စားပွဲခုံ ဒါမှမဟုတ် တခြား တောင့်တင်းခိုင်မာတဲ့ ပရိဘောဂရဲ့ အောက်ကို ဝင်ပါ။
၂) အဆောက်အအုံ အပြင်ကို အလောတကြီး ပြေးမထွက်ပါနဲ့။
၃) လူတွေပြည့်နေတဲ့ အဆောက်အအုံထဲမှာ ရှိတဲ့အခါထွက်ပေါက်တွေကို အတင်းတိုးမသွားပါနဲ့။
၄) တွဲလောင်းကျနေတဲ့ မီးချောင်း၊ မီးဆိုင်းတွေအောက်က နေရာကို ရှောင်ပါ။
၅) ဓာတ်လှေခါးစီးနေရင် အနီးဆုံး အထပ်မှာရပ်ပြီး ဓာတ်လှေခါးထဲက ထွက်ပါ။

အဆောက်အအုံအပြင်မှာ ရှိတဲ့အခါ လုပ်သင့်တာတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။
၁) ပြုတ်ကျလာတဲ့ ဆိုင်းဘုတ်တွေ၊ ကွဲနေတဲ့ မှန်တွေနဲ့ လဲပြိုလာတဲ့ နံရံတွေကို ရှောင်ရှားနိုင်ဖို့ အဆောက်အအုံတွေကနေ ခွာနေပါ။
၂) အနီးအနားမှာ တောင့်တောင့်တင်းတင်း အဆောက်အအုံတွေ တွေ့ရင် အဲဒီအထဲဝင်ပြီး တိမ်းရှောင်ပါ။
၃) ကွန်ကရစ် ဘလောက်တုံး ခြံဝင်းနံရံတွေ ဒါမှမဟုတ် ဈေးရောင်းစက်တွေ လဲကျလာမှာကို သတိထားပါ။
၄) တောင်တွေပေါ်မှာ ရှိတယ်ဆိုရင် ခဲပြုတ်ကျတာ ဒါမှမဟုတ် မြေပြိုတာတွေကို သတိထားပြီး တောင်စောင်းဆင်ခြေလျှောတွေကို ရှောင်ပါ။
၅) ကားမောင်းနေချိန်ဆိုရင် အရှိန်ကို တဖြည်းဖြည်းလျှော့ချပြီး အန္တရာယ် အချက်ပြမီး (hazard light) တွေကို ထွန်းပါ။ ဘရိတ်ကို အတင်းမအုပ်ပါနဲ့။ ယာဉ်ကိုထားပြီး ထွက်သွားတဲ့အခါမှာ သော့ကို ယာဉ်အတွင်းမှာ ထားခဲ့ပါ။