ဗိုင်းရပ်စ်ပိုးဇာစ်မြစ် စစ်ဆေးရေး အချက်အလက်တွေ ပိုလိုကြောင်း ဗြိတိန် ဝန်ကြီးချုပ် ဆို

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကနဦး အဆင့်တွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း WHO ရဲ့ လုပ်ငန်းအဖွဲ့ကို တရုတ်က အချက်အလက်တွေ ပိုပေးဖို့ ဗြိတိန် ဝန်ကြီးချုပ် Boris Johnson က အမေရိကန်နဲ့အလားတူ တောင်းဆိုလိုက်ပါတယ်။

တနင်္လာနေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ မစ္စတာ Johnson က သက်သေအထောက်အထား အများစုအရ ဗိုင်းရပ်စ်ပိုးဟာ တရုတ်နိုင်ငံ Wuhan မြို့မှာ အစပြုတယ်ဆိုတာ အတော်လေး သိသာထင်ရှားတယ်လို့ သူထင်မြင်ကြောင်း ပြောကြားခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလဇာစ်မြစ်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ ပွင့်လင်းမြင်သာမှု ရှိစေရေးအတွက် တတ်နိုင်သမျှ အချက်အလက် များများ လိုအပ်တယ်လို့ မစ္စတာ Johnson က ပြောကြားခဲ့ပါတယ်။ "ကမ္ဘာမှာ တိရစ္ဆာန်တွေဆီကနေ စတင်ကူးစက်တဲ့ ကပ်ရောဂါတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဘယ်လို ခြေရာခံမလဲဆိုတဲ့ အပေါ် ယေဘုယျ သဘောတူညီချက်တစ်ခု ရှိဖို့လိုတယ်" လို့ သူက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
ဒါနဲ့ ပတ်သက်ပြီး အကြံဉာဏ်ကောင်းတစ်ခုကတော့ ကူးစက်ရောဂါဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် ချုပ်ဆိုဖို့ အဆိုပြုတာဖြစ်တယ်လို့ သူက မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။ ဒါမှသာ ဘာတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတာကို အဆုံးအထိ သိရှိအောင် လုပ်ဆောင်ပြီး နောက်ထပ် မဖြစ်အောင် တားဆီးနိုင်ဖို့အတွက် စာချုပ်မှာ လက်မှတ်ရေးထိုးတဲ့ နိုင်ငံတွေက ရရှိထားတဲ့ အချက်အလက်တွေ အားလုံးဖြည့်ဆည်းပေးလာမှာ ဖြစ်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။