နိုင်ဂျီးရီးယား ဘဏ္ဍာရေးဝန်ကြီးဟောင်းကို WTO အကြီးအကဲအဖြစ် ရွေးချယ်

နိုင်ဂျီးရီးယား ဘဏ္ဍာရေးဝန်ကြီးဟောင်း Ngozi Okonjo-Iweala ကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) အကြီးအကဲအဖြစ် ခန့်အပ်လိုက်ပါတယ်။

တနင်္လာနေ့က ပြုလုပ်တဲ့ အဖွဲ့ဝင်နိုင်ငံများအစည်းအဝေးမှာ အဲဒီလို ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။ သူဟာ WTO အဖွဲ့ရဲ့ ပထမဆုံး အမျိုးသမီး ညွှန်ကြားရေးမှူးချုပ်ဖြစ်သလို ဒီရာထူးထမ်းဆောင်တဲ့ ပထမဆုံး အာဖရိကန်လူမျိုး တစ်ဦးလည်း ဖြစ်ပါတယ်။
နိုင်ဂျီးရီးယား နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့သူ မီးစ် Okonjo-Iweala ဟာ ကမ္ဘာ့ဘဏ်ရဲ့ နံပါတ် ၂ ရာထူးဖြစ်တဲ့ ဦးဆောင်ညွှန်ကြားရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
အမေရိကန် သမ္မတဟောင်း Donald Trump လက်ထက်က ဒီရာထူး ခန့်အပ်ရေးမှာ ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေရာကနေ သမ္မတ Joe Biden အစိုးရအဖွဲ့ တက်လာပြီးနောက် သူ့ကို အခုလို ရာထူး ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။
Trump အစိုးရအဖွဲ့က ထောက်ခံခဲ့တဲ့ တောင်ကိုရီးယား ကိုယ်စားလှယ် ဟာလည်း ဒီရာထူးကို ယှဉ်ပြိုင်အရွေးခံနေရာကနေ အခုလ စောစောပိုင်းမှာ နုတ်ထွက် သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် ဩဂုတ်လ ကတည်းက လစ်လပ်နေတဲ့ ဒီရာထူးနေရာမှာ မတ်လ ၁ ရက်နေ့ကစပြီး မီးစ် Okonjo-Iweala ဟာ တာဝန်ထမ်းဆောင်ဖို့ စီစဉ်ထားပါတယ်။
COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရတဲ့ စီးပွားရေးကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် အဖွဲ့ဝင်နိုင်ငံတွေအကြား ပူးပေါင်း ဆောင်ရွက်မှုရှိဖို့ လိုအပ်တယ်လို့ မီးစ် Okonjo-Iweala က အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။