တရုတ်ရေယာဉ်တွေ Senkaku ကျွန်းစု ကမ်းလွန်သို့ ဝင်ရောက်

အရှေ့တရုတ်ပင်လယ်ထဲက Senkaku ကျွန်းစု ကမ်းလွန်မှာရှိတဲ့ ဂျပန်ရေပိုင်နက်ထဲကနေ တရုတ်အစိုးရရဲ့ ရေယာဉ် ၄ စင်း ထွက်ခွာသွားပြီလို့ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ အရာရှိတွေက ပြောပါတယ်။

အဲဒီရေယာဉ်တွေထဲက တစ်စင်းမှာ အမြောက်လို့ ယူဆရတဲ့အရာကို တပ်ဆင်ထားတာကြောင့် သူတို့ သတိထားနေတယ်လို့ အရာရှိတွေက ဆိုပါတယ်။
လတ်တလောမှာ တရုတ်နိုင်ငံဟာ သူတို့ရဲ့ ရေပိုင်နက်အဖြစ် သတ်မှတ်ထားတဲ့ ဧရိယာထဲကို နိုင်ငံခြားသင်္ဘောတွေ တရားမဝင် ဝင်ရောက်လာရင် ကမ်းခြေစောင့်တပ်ဖွဲ့တွေကို လက်နက်သုံးခွင့် ပေးထားတဲ့ ဥပဒေ ပြဋ္ဌာန်းထားပါတယ်။
ဂျပန်က Senkaku ကျွန်းစုတွေကို ထိန်းချုပ်ထားပါတယ်။ တရုတ်နဲ့ ထိုင်ဝမ်တို့ကလည်း သူတို့ပိုင်ဆိုင်ကြောင်း အခိုင်အမာ ဆိုနေပါတယ်။ ဂျပန်အစိုးရက ဒီကျွန်းစုတွေရဲ့ အချုပ်အခြာအာဏာ ဆိုင်ရာ ကိစ္စရပ်မှာ ဘာပြဿနာမှ မရှိဘူးဆိုတဲ့ ရပ်တည်ချက်ကို စွဲကိုင်ထားပါတယ်။