မြန်မာနိုင်ငံမှာ ဆန္ဒပြသူတွေက စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆက်လက် ပြုလုပ်နေ

မြန်မာနိုင်ငံမှာ အခုလအစောပိုင်းက အာဏာသိမ်းမှု နောက်ပိုင်း ဖမ်းဆီးခံခဲ့ရတဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား သူတွေကို လွှတ်ပေးဖို့ တောင်းဆိုပွဲတွေကို ဆန္ဒပြသူတွေက ဆက်လက် လုပ်ဆောင်နေကြပါတယ်။

ရာပေါင်းများစွာသော ဆန္ဒပြသူတွေက အင်္ဂါနေ့မှာ ရန်ကုန်မြို့က လမ်းတွေပေါ်ကို ထွက်ခဲ့ကြပါတယ်။ ခေါင်းဆောင်တွေကို လွှတ်ပေးဖို့နဲ့ အရပ်သားအုပ်ချုပ်ရေး ပြန်ဖော်ဆောင်ဖို့ကိုလည်း သူတို့က တောင်းဆိုခဲ့ကြပါတယ်။ စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကို ကန့်ကွက်တဲ့အနေနဲ့ လူတချို့က မြေပြင်မှာ လှဲချပြီး မျက်လုံးတွေကို ဖုံးအုပ် ဆန္ဒပြခဲ့ကြပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတစ်ဦးက တရားသူကြီးရဲ့ ပြောကြားချက်ကို ကိုးကားပြီး တနင်္လာနေ့တုန်းက ပြောဆိုခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်မိန့်ရမန်ဟာ ဗုဒ္ဓဟူးနေ့အထိဖြစ်တယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းချုပ်ထားတဲ့ရက်ဟာ တနင်္လာနေ့မှာ ကုန်ဆုံးဖို့ ရှိနေခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဆက်သွယ်ရေးကိရိယာတွေကို တရားမဝင် သွင်းယူခဲ့ပြီး ခွင့်ပြုချက်မရှိဘဲ အသုံးပြုခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ စာရွက်စာတမ်းတွေမှာ စွပ်စွဲထားပါတယ်။
ဆန္ဒပြသူတွေကို စစ်တပ်က ဖိအား ပိုပေးလာနေပါတယ်။ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေနေ့တွေကတည်းက ရန်ကုန်နဲ့ တခြား အရေးပါတဲ့ မြို့ကြီးတွေမှာ သံချပ်ကာယာဉ်တွေကို ချထားခဲ့ပါတယ်။ ဒါ့အပြင် စစ်တပ်ဟာ အင်္ဂါနေ့မှာလည်း နှစ်ရက်ဆက်တိုက်အဖြစ် ညအချိန်မှာ အင်တာနက်ကို ဖြတ်တောက်ခဲ့ပါတယ်။