ဂျပန် မြောက်ပိုင်းမှာ နှင်းမုန်တိုင်း အတွက် သတိပေး

ဂျပန်မြောက်ပိုင်းဒေသက လူတွေအနေနဲ့ အင်္ဂါနေ့ကနေ ဗုဒ္ဓဟူးနေ့အထိ ပြင်းထန်တဲ့ နှင်းမုန်တိုင်းတိုက်ခတ်မှာကို သတိထားကြဖို့ ဂျပန် မိုးလေဝသ အရာရှိတွေက သတိပေးလိုက်ပါတယ်။

Okhotsk ပင်လယ်ပေါ်က အလျင်အမြန် အားကောင်းလာနေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အနောက်ဘက်ကို ဦးတည်ရွေ့လျားနေပြီး အထူးသဖြင့် ဂျပန်မြောက်ပိုင်းမှာ အကြီးအကျယ် လေပြင်းတွေ တိုက်ခတ်မယ်လို့ မိုးလေဝသအေဂျင်စီက ဆိုပါတယ်။
ဗုဒ္ဓဟူးနေ့ အစောပိုင်းအထိ ဂျပန် ပင်လယ်ကမ်းခြေ တစ်လျှောက်မှာ လေတိုက်တာကြောင့် နှင်းတွေစုခဲတာတွေအပါအဝင် အရှေ့ကို လုံးဝမမြင်နိုင်လောက်အောင် နှင်းမုန်တိုင်းကျတာတွေ ဖြစ်လာနိုင်တယ်လို့ အရာရှိတွေက သတိပေးနေပါတယ်။ နှင်းအကြီးအကျယ်ကျတာ၊ လေပြင်းတိုက်တာနဲ့ လှိုင်းကြီးတာတွေကို သတိထားကြဖို့ သူတို့က လှုံ့ဆော်နေပါတယ်။
အင်္ဂါနေ့မှာ ဟော့ကိုင်းဒိုးတောင်ဘက်ပိုင်းက Erimo အငူမှာ လေတိုက်နှုန်း တစ်နာရီကို ၁၆၁ ကီလိုမီတာ၊ တိုးဟိုကုဒေသ Akita မြို့မှာ တစ်နာရီကို ၁၁၁ ကီလိုမီတာ ရှိတာကို မှတ်တမ်းတင်ခဲ့ပါတယ်။
ဟော့ကိုင်းဒိုးက ဒေသန္တရ မိုးလေဝသဌာနက အနောက်ဘက်က ပင်လယ်ဘက်ခြမ်းမှာ နှစ် အတော်ကြာမှာ တစ်ခါသာ ဖြစ်နိုင်တဲ့ နှင်းသည်းထန်မှုအတွက် သတိပေးနေပါတယ်။ အဓိက စိုးရိမ်ရတဲ့ ဧရိယာတွေကတော့ Ishikari ၊ Rumoi နဲ့ ကပ်လျက်မှာရှိတဲ့ Kamikawa မြို့တွေ ဖြစ်ပါတယ်။ မလိုအပ်ဘဲ အိမ်ပြင်ထွက်တာ ရှောင်ရှားကြဖို့ အကြံပေးနေပါတယ်။
တောင်ထူထပ်တဲ့နေရာတွေမှာ ဗုဒ္ဓဟူးနေ့မနက်အထိ ၂၄ နာရီအတွင်း နှင်းကျဆင်းမှု ပမာဏဟာ တိုးဟိုကု ဒေသနဲ့ နီးဂါ့တာ့ ခရိုင်တွေမှာ အမြင့် ၆၀ စင်တီမီတာ အထိ၊ ဟော့ကိုင်းဒိုး နဲ့ ဟိုကုလိကု ဒေသမှာ ၅၀ စင်တီမီတာ အထိ၊ ဂီဖု ခရိုင်မှာ ၄၀ စင်တီမီတာ အထိ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။