ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး အများပြည်သူကို ဂျပန်အစိုးရ ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးမယ်

ဗုဒ္ဓဟူးနေ့မှာ စတင်ဖို့ရှိတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ဆေးထိုးမှုနဲ့ ပတ်သက်ပြီး အများပြည်သူကို သေသေချာချာ အသိပညာပေးမှု ဆက်လက်ပြုလုပ်သွားမယ်လို့ ဂျပန် အစိုးရက ပြောလိုက်ပါတယ်။

ကျန်းမာရေးလုပ်သား ၁သောင်းကနေ ၂သောင်း လောက်ကို ပထမအကြိမ် ကာကွယ်ဆေးထိုးပေးဖို့ ရှိနေပြီး အဲဒီနောက်မှာ အသက်အရွယ်ကြီးရင့်သူတွေနဲ့ တခြားလူတွေ အစဉ်လိုက် ရှိနေပါတယ်။
ကာကွယ်ဆေးထိုးရေး အစီအစဉ် သွက်သွက်လက်လက် ချောချောမွေ့မွေ့ လုပ်ဆောင်နိုင်ဖို့ ကြိုးပမ်းရာမှာ အရာရှိတွေက ပူးပေါင်းလုပ်ဆောင်သွားကြစေလိုတယ်လို့ ဝန်ကြီးချုပ် Suga Yoshihide က တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။
ကာကွယ်ဆေးတွေနဲ့ ပတ်သက်ပြီး ထိရောက်မှုနဲ့ ဘေးထွက်ဆိုးကျိုးတွေ အပါအဝင် နားလည်ရလွယ်ပြီး သိပ္ပံပညာအပေါ်အခြေခံတဲ့ သတင်းအချက်အလက်တွေကို ပေးသွားမယ်လို့ အစိုးရက ဆိုပါတယ်။ ကာကွယ်ဆေးထိုးတဲ့ ကုန်ကျစရိတ်အားလုံးကို အစိုးရက ကျခံမှာ ဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးရေး အစီအစဉ် ချောချောမွေ့မွေ့ အကောင်အထည်ဖော်နိုင်ဖို့ဟာ စီးပွားရေးကို လုပ်ဆောင်ရင်း ဒီဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို တားဆီးရေးအတွက် အဓိကကျတယ်လို့ ဂျပန် အစိုးရက ယူဆထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာချက်ကို တိုကျို၊ အိုစာကာနဲ့ တခြား ခရိုင် ၈ ခုမှာ ထုတ်ပြန်ထားပါတယ်။ ကူးစက်ခံရသူအသစ် အရေအတွက် ကျဆင်းတဲ့ နှုန်းဟာ အရှိန်လျော့လာနေတယ် ခရိုင်အုပ်ချုပ်ရေး အရာရှိတွေက ပြောပါတယ်။
ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ အိမ်ပြင်မထွက်တာ၊ အလုပ်သွားသူဦးရေကို ၇၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ဖို့ အိမ်ကနေ အလုပ်လုပ်တာတွေကို ဆက်လက် လုပ်ဆောင်ကြဖို့ အရာရှိတွေက တောင်းဆိုနေပါတယ်။