ဂျပန်အစိုးရ ကျွန်းစုတွေအရေး ညှိနှိုင်းမှုတွေပြုလုပ်ဖို့ ကတိပြု

ရုရှားက ထိန်းချုပ်ထားပြီး ဂျပန်က ပိုင်ဆိုင်ကြောင်းအခိုင်အမာဆိုတဲ့ ကျွန်း၄ကျွန်းနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုကို ဖြေရှင်းရေး ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ဖို့ ဂျပန်နိုင်ငံက ကတိပြုထားဆဲဖြစ်တယ်လို့ အစိုးရရဲ့ ထိပ်တန်းပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

ရုရှားနိုင်ငံရဲ့ ပြင်ဆင်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒီအရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးညှိနှိုင်းတာတွေပြုလုပ်ဖို့ ငြင်းဆိုသွားမှာဖြစ်တယ်လို့ သမ္မတ Vladimir Putin က အရိပ်အမြွက် ပြောဆိုခဲ့ပါတယ်။ အဲဒီလိုပြောပြီးနောက်မှာ ဂျပန်အစိုးရအဖွဲ့အတွင်းဝန်ချုပ် မစ္စတာ Kato Katsunobu က တနင်္လာနေ့က သတင်းထောက်တွေကို အခုလိုပြောလိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လက ပြုလုပ်ခဲ့တဲ့ ရုရှားရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုတွေထဲမှာ တိုင်းပြည်ရဲ့ မည်သည့်အစိတ်အပိုင်းကိုမဆို လွှဲပြောင်းပေးအပ်တာကို တားမြစ်ကြောင်း ပါဝင်ပါတယ်။
ဝန်ကြီးချုပ် Suga Yoshihide နဲ့ သမ္မတ Putin တို့ စက်တင်ဘာလက တယ်လီဖုန်းနဲ့ ဆွေးနွေးကြခဲ့တုန်းက ၂၀၁၈ခုနှစ် ၂နိုင်ငံထိပ်သီး ဆွေးနွေးပွဲမှာ ပြုလုပ်ခဲ့တဲ့ သဘောတူညီချက်ကို ခေါင်းဆောင်၂ဦးတို့ ထပ်မံ အတည်ပြုခဲ့တယ်လို့ မစ္စတာ Kato က ပြောခဲ့ပါတယ်။
အဲဒီ၂နိုင်ငံထိပ်သီးဆွေးနွေးပွဲကျင်းပခဲ့တုန်းက သမ္မတ Putin နဲ့ အဲဒီအချိန်က ဂျပန်ဝန်ကြီးချုပ် Abe Shinzo တို့ဟာ ၁၉၅၆ခုနှစ် ပူးတွဲကြေညာချက်အပေါ် အခြေခံပြီး ငြိမ်းချမ်းရေးစာချုပ်တစ်ရပ် အပြီးသတ်ချုပ်ဆိုနိုင်ရေးအတွက် ၂ဖက်ဆွေးနွေးမှုတွေကို အရှိန်မြှင့်သွားဖို့ သဘောတူခဲ့ကြပါတယ်။
ဂျပန်အစိုးရဟာ ပိုင်နက်နယ်မြေအရေးဖြေရှင်းဖို့ နဲ့ ငြိမ်းချမ်းရေး စာချုပ်တစ်ရပ် ချုပ်ဆိုနိုင်ဖို့ မူဝါဒနဲ့အညီ တစိုက်မတ်မတ် ဆက်လက်လုပ်ဆောင်သွားမယ်လို့ မစ္စတာ Kato က ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
ရုရှားက ထိန်းချုပ်ထားတဲ့ကျွန်း ၄ ကျွန်းကို ဂျပန်နိုင်ငံကပိုင်ဆိုင်ကြောင်း အခိုင်အမာ ဆိုပါတယ်။ ဂျပန်အစိုးရက အဲဒီကျွန်းတွေဟာ ဒုတိယကမ္ဘာစစ် ပြီးနောက်ပိုင်း တရားမဝင်သိမ်းပိုက်ခံခဲ့ရတာ ဖြစ်တယ်လို့ ပြောပါတယ်။