ဂျပန်မှာ COVID ကာကွယ်ဆေး ဗုဒ္ဓဟူးနေ့ စတင်ထိုးနှံမည်

ဂျပန်ဝန်ကြီးချုပ် Suga Yoshihide က ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေကို လာမယ့် ဗုဒ္ဓဟူးနေ့မှာ ကျန်းမာရေးဝန်ထမ်းတွေကို စတင်ထိုးပေးမယ်လို့ ပြောပါတယ်။

တနင်္လာနေ့က ပြုလုပ်တဲ့ အောက်လွှတ်တော် ဘတ်ဂျက်ကော်မတီ အစည်းအဝေးမှာ မစ္စတာ Suga က အဲဒီလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဘေးကင်းစိတ်ချရပြီး ထိရောက်မှုရှိတဲ့ ကာကွယ်ဆေးတွေကို ပြည်သူတွေဆီ အမြန်ဆုံး ထိုးပေးနိုင်ဖို့ ဂျပန်အစိုးရအနေနဲ့ အစွမ်းကုန်ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဂျပန်အစိုးရဟာ အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer က တီထွင်ထုတ်လုပ်တဲ့ ကာကွယ်ဆေးကို တနင်္ဂနွေနေ့က အတည်ပြုခဲ့ပါတယ်။
အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီအမတ် Murai Hideki က ကာကွယ်ဆေးထိုးရမယ့် နေရာအမျိုးမျိုးကို စီစဉ်ထားသင့်တယ်ဆိုတာနဲ့ ဒါမှပဲ ပြည်သူတွေကို ကာကွယ်ဆေး အမြန်ဆုံးထိုးပေးနိုင်မယ်လို့ ပြောပါတယ်။
သက်ကြီးရွယ်အိုတွေအနေနဲ့ ကာကွယ်ဆေးထိုးဖို့ သတ်မှတ်ထားတဲ့ နေရာတွေကို မသွားသင့်သေးဘူးလို့ သူက ထောက်ပြခဲ့ပါတယ်။ သူတို့အနေနဲ့ ဆေးရုံ ဆေးခန်းတွေမှာ ကာကွယ်ဆေး ထိုးသင့်တယ်လို့ သူက ပြောပါတယ်။
ဂျပန်နိုင်ငံရဲ့ ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်အတွက် တာဝန်ခံဖြစ်သူ အုပ်ချုပ်မှုပြုပြင်ပြောင်းလဲရေးဆိုင်ရာဝန်ကြီး Kono Taro က ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့ တော်တော်များများက ကာကွယ်ဆေးထိုးပေးဖို့အတွက် လူအများအပြား ကာကွယ်ဆေးထိုးနိုင်မယ့်နေရာတွေနဲ့ ဆေးရုံ ဆေးခန်းတွေကို အသုံးပြုဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။