ဒေါ်အောင်ဆန်းစုကြည်ကို ဗုဒ္ဓဟူးနေ့အထိ ရမန်ထပ်ယူကာ ထိန်းသိမ်း

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရကို စစ်တပ်က ဖယ်ရှားကာ အာဏာသိမ်းခဲ့ပြီး သူ့ကိုထိန်းသိမ်းခဲ့တာ သီတင်း ၂ ပတ်ကြာပြီးတဲ့နောက် မြန်မာနိုင်ငံတွင်းဆန္ဒပြမှုတွေ လျော့ကျအားနည်းသွားတဲ့လက္ခဏာ မမြင်တွေ့ရပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ကို ကနဦးတွက်ဆထားတာထက် ၂ ရက်ပိုကြာပြီး ဗုဒ္ဓဟူးနေ့အထိ ထိန်းသိမ်းထားဖို့ အာဏာပိုင်တွေက ရမန် ရယူခဲ့တယ်လို့ သူ့ရဲ့ရှေ့နေက ဆိုပါတယ်။
အာဏာသိမ်းမှုဖြစ်ပွားပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည် ဟာ နေပြည်တော်မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ ထိန်းသိမ်းခံနေ ခဲ့ရပါတယ်။ သူဟာ လက်ကိုင်စကားပြောစက်ကို တရားမဝင် တင်သွင်းခဲ့ပြီး ခွင့်ပြုချက်မရပဲ သုံးစွဲခဲ့တယ်လို့ စစ်တပ်က ပြောပါတယ်။ အဲဒီစွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘူး ဆိုတာနဲ့ သူ့ကိုထိန်းသိမ်းထားဖို့ ခိုင်လုံတဲ့အကြောင်းပြချက် မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေက ပြောပါတယ်။
အဲဒီရှေ့နေက ဗုဒ္ဓဟူးနေ့ကျရင် ဒေါ်အောင်ဆန်းစုကြည်ဟာ တရားရုံးတက်မှာမဟုတ်ပဲ ကြားနာမှုကို ဗီဒီယိုကွန်ဖရင့်ကနေ တဆင့် လုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။
တနင်္လာနေ့က ရန်ကုန်မြို့မှာ ဆန္ဒပြသူတွေဟာ လမ်းမတွေပေါ် ၁၀ ရက်ဆက်တိုက်ဆန္ဒပြနေကြပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။
တနင်္ဂနွေနေ့ကစပြီး ရန်ကုန်မြို့က လမ်းတွေပေါ် သံချပ်ကာ ယာဉ်တွေကို စတင်တွေ့မြင်နေခဲ့ရပါတယ်။ ဆန္ဒပြပွဲတွေဖြစ်ပြီး နောက် ဒီလိုယာဉ်တွေကို ချထားတာဟာ ပထမဦးဆုံးပါပဲ။
အမေရိကန်၊ ဗြိတိန်နဲ့ တခြားအနောက်နိုင်ငံတွေက သံအမတ်တွေဟာ တနင်္ဂနွေနေ့မှာ ပူးတွဲကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ဆန္ဒပြသူတွေနဲ့ အရပ်သားတွေ အပေါ် အင်အားသုံးတာမျိုးကိုမလုပ်ဖို့ လုံခြုံရေးတပ်ဖွဲ့တွေကို တောင်းဆိုလိုက်ပါတယ်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres က မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ကို ဝင်ခွင့်ပြုဖို့ စစ်အာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။