နောက်ထပ်အားပြင်းငလျင်တွေကို သတိထားကြဖို့ ဂျပန်အစိုးရ အကြံပေးအဖွဲ့ တိုက်တွန်း

စနေနေ့နှောင်းပိုင်းက ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းနဲ့ တခြားနေရာတွေမှာ အင်အားပြင်းငလျင်တစ်ခုလှုပ်ခဲ့ပြီး တဲ့နောက် လာမယ့် ၇ ရက်အတွင်း နောက်ထပ်ပိုအားပြင်းတဲ့ ငလျင်တွေ လှုပ်နိုင်ခြေနဲ့ပတ်သက်ပြီး သတိထားကြဖို့ ဂျပန်အစိုးရအဖွဲ့ရဲ့ ကော်မတီတစ်ခုက ထုတ်ဖော်ပြောဆို လိုက်ပါတယ်။

Fukushima ခရိုင်ကမ်းလွန်ပင်လယ်ပြင်မှာ မဂ္ဂနီကျုဒ် ၇.၃ ရှိတဲ့ ငလျင်တစ်ခုလှုပ်ခဲ့ပြီး နောက်တစ်ရက် တနင်္ဂနွေနေ့မှာ ငလျင်သုတေသနကော်မတီဟာ အထူးအစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။ ၂၀ စင်တီမီတာ အမြင့်ရှိတဲ့ ဆူနာမိလှိုင်းဟာ Miyagi ခရိုင် Ishinomaki ဆိပ်ကမ်းကို ရောက်ရှိလာခဲ့ပါတယ်။
အစိုးရရဲ့ အဲဒီကော်မတီက မဂ္ဂနီကျုဒ်ပိုများတဲ့ နောက်ထပ်ငလျင်တွေလှုပ်နိုင်ပြီး ၂၀၁၁ ခုနှစ်ငလျင်ကြီးရဲ့ နောက်ဆက်တွဲငလျင်တွေလှုပ်ခဲ့တဲ့နေရာတွေမှာ ဆူနာမိဖြစ်ပေါ်နိုင်တယ်လို့ ပြောပါတယ်။ အဲဒီလိုမျိုးငလျင်တွေဟာ အချိန်ကြာတဲ့အထိ လှုပ်နိုင်ခြေရှိတယ် လို့လည်း ပြောပါတယ်။
ကော်မတီရဲ့အကြီးအကဲ Hirata Naoshi က စနေနေ့ကလှုပ်ခဲ့တဲ့ငလျင်ဟာ မဂ္ဂနီကျုဒ်ပိုကြီးမားပြီး ငလျင်ဗဟိုချက်ဟာ ပိုမိုတိမ်တဲ့နေရာမှာရှိခဲ့ရင် ပိုကြီးမားတဲ့ ဆူနာမိဖြစ်လာခဲ့လိမ့်မယ်လို့ ပြောပါတယ်။
စနေနေ့ကလှုပ်ခဲ့တဲ့ အဲဒီငလျင်ဟာ Fukushima နဲ့ Miyagi ခရိုင်တွေမှာပါ တစ်ပြိုင်နက်တည်းလှုပ်ခဲ့ပြီး တချို့အရပ်တွေမှာ ဆိုရင် သုံညကနေ ၇ အဆင့်ထိရှိတဲ့ ဂျပန်ငလျင်တိုင်းတာရေး စကေးအရ ပြင်းအား 6 Plus ရှိခဲ့ပါတယ်။
နောက်ဆက်တွဲငလျင်တွေ ဆက်ပြီးလှုပ်နေခဲ့ပါတယ်။ လူ ၁၅၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။