Nikkei အညွှန်းကိန်း ၁၉၉၀ နောက်ပိုင်း ပထမဦးဆုံးအကြိမ် ၃၀၀၀၀ မှတ်ရောက်ရှိ

တိုကျိုစတော့စျေးကွက်ရဲ့ အညွှန်းပြကိန်းဟာ နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဦးဆုံးအဖြစ် ၃၀၀၀၀ မှတ်ကို ကျော်လွန် သွားခဲ့ပါတယ်။

တနင်္လာနေ့စျေးပိတ်ချိန်မှာ Nikkei အညွှန်းကိန်းဟာ ၃၀၀၈၄ မှတ်ရှိခဲ့ပြီး သောကြာနေ့စျေးပိတ်ချိန်ကထက် ၁.၉ ရာခိုင်နှုန်း တက်ခဲ့ပါတယ်။ အခုလိုမျိုး ၃၀၀၀၀ မှတ်ကို ပြန်လည်ရောက်လာတာဟာ ၁၉၉၀ ပြည့်နှစ် သြဂုတ်လနောက်ပိုင်း ပထမဦးဆုံး ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အဆိုပြုထားတဲ့နောက်ဆက်တွဲ စီးပွားရေးအားဖြည့်မှုတွေနဲ့ ကမ္ဘာအနှံ့မှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးမှုတွေ တိုးတက်မှုရှိနေတာတွေက ကမ္ဘာ့စီးပွားရေးဟာ ပြန်လည်နာလန်ထူလာရေးလမ်းကြောင်း ပေါ် ရောက်ရှိလာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေက ရှယ်ယာတွေကို တိုးမြှင့်ဝယ်ခဲ့ပါတယ်။
အခုနှစ်ထဲမှာ တိုကျိုစတော့စျေးကွက်အညွှန်းပြကိန်းဟာ ၁၀ ရာခိုင်နှုန်းနီးပါးအထိ မြင့်တက်လာခဲ့ပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ ရင်းနှီးမြှုပ်နှံသူအများအပြား မျှော်လင့်ထားသလို ဂျပန်စီးပွားရေးဟာ ပြန်လည်နာလန်ထူလာမလား ဆိုတာကတော့ မသေချာဘူးလို့ အကဲခတ်တွေက ပြောပါတယ်။
ရောင်းဝယ်ကြသူတချို့ကတော့ စျေးကွက်လှုပ်ရှားမှုတွေဟာ များပြားလွန်းပြီး အဲဒါဟာ လက်တွေ့စီးပွားရေးအခြေအနေကို ရောင်ပြန်မဟပ်ဘူးလို့ ယုံကြည်ထားကြပါတယ်။