ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ် ကျဆင်းလို့ WHO ပြော

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ရဲ့ တွေ့ရှိချက်အရ ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ် အရေအတွက်ဟာ ကျဆင်းလာကြောင်း သိရှိရပါတယ်။

အဲဒီလို ကျဆင်းလာတာဟာ နိုင်ငံတွေက ကျန်းမာရေး ဆောင်ရွက်ချက်တွေကို ပိုပြီး တင်းတင်းကျပ်ကျပ် လုပ်ဆောင်လာတဲ့အတွက်ကြောင့် ဖြစ်နိုင်ခြေ ရှိတယ်လို့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောပါတယ်။
ဒါပေမဲ့ မစ္စတာ Tedros က ကျေနပ်အားရ ဖြစ်မနေသင့်ဘူးလို့ သတိပေးပြီး အဲဒီလို တွေးတာဟာ ဗိုင်းရပ်စ်ပိုးထက်တောင် အန္တရာယ်ကြီးမားကြောင်း ပြောခဲ့ပါတယ်။
ဘယ်နိုင်ငံမှ လက်ရှိ ကူးစက်မှု ကာကွယ်ရေးဆောင်ရွက်နေတာတွေကို မဖြေလျှော့သင့်ကြောင်းလည်း သူက ပြောပါတယ်။
စနေနေ့အချိန်အထိ WHO က ပြုစုခဲ့တဲ့ စာရင်းတွေအရ ဇန်နဝါရီလ ၄ရက်နေ့က စတင်တဲ့ သီတင်း တစ်ပတ်တာအတွင်း တစ်ကမ္ဘာလုံးမှာ ဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ် အရေအတွက် စုစုပေါင်း ၅,၀၄၅,၆၅၈ ဦး ရှိပြီး အများဆုံး အရေအတွက် ဖြစ်ခဲ့ပါတယ်။
ဇန်နဝါရီလ ၁၁ရက်နေ့က စတင်တဲ့ သီတင်းပတ်မှာတော့ ကူးစက်ခံရသူ အသစ် အရေအတွက် ၄,၈၅၈,၉၁၃ ဦး ရှိခဲ့ပါတယ်။ ဒါဟာ နှစ်စပိုင်းကထက် ၄ရာခိုင်နှုန်း ကျဆင်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် ဇန်နဝါရီလ ၁၈ရက်နေ့က စတင်တဲ့ သီတင်းပတ်မှာတော့ ကမ္ဘာတစ်ဝန်း ကူးစက်ခံရသူအသစ် ၄,၂၆၈,၅၇၃ ဦး ရှိပြီး ဒါဟာ သီတင်းပတ်အလိုက် ကြည့်ရင် ၁၂ရာခိုင်နှုန်း ကျဆင်းလာတာ ဖြစ်ပါတယ်။
နောက်သီတင်းပတ် နှစ်ပတ်မှာလည်း ကူးစက်ခံရသူ အသစ် အရေအတွက်ဟာ ကျဆင်းခဲ့ပြီး သီတင်းလေးပတ် ဆက်တိုက် ကူးစက်သူ ဦးရေ ကျဆင်းခဲ့တာ ဖြစ်ပါတယ်။
WHO က သတ်မှတ်ထားတဲ့ ဒေသ ၆ခုအနက် ရုရှားအပါအဝင် တောင်အမေရိကတိုက်၊ မြောက်အမေရိကတိုက်နဲ့ ဥရောပတိုက်တွေမှာ ကူးစက်ခံရသူ အရေအတွက်ဟာ ၄ပတ်ဆက်တိုက် ကျဆင်းလာတယ်လို့ သိရပါတယ်။
ဂျပန်၊ တရုတ်၊ ဩစတြေးလျ ပါဝင်တဲ့ အနောက်ပစိဖိတ်ဒေသနဲ့ အာဖရိက၊ အရှေ့မြေထဲပင်လယ်ဒေသတွေမှာလည်း ကူးစက်ခံရသူ ဦးရေ ၃ပတ်ဆက်တိုက် ကျဆင်းခဲ့ပါတယ်။
နိုင်ငံတစ်နိုင်ငံချင်းစီမှာလည်း ကူးစက်ခံရသူ အသစ် အရေအတွက် ကျဆင်းလာနေပါတယ်။ ကမ္ဘာပေါ်မှာ ကူးစက်ခံရသူ အရေအတွက် အများဆုံး နိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု၊ ဒုတိယ အများဆုံးဖြစ်တဲ့ အိန္ဒိယနဲ့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အသစ် တွေ့ရှိခဲ့တဲ့ ဗြိတိန်နိုင်ငံတို့မှာလည်း ကူးစက်မှုအသစ် ကျဆင်းမှု တချို့ ရှိလာကြောင်း သိရပါတယ်။
ဖေဖော်ဝါရီလ ၁ရက်နေ့က စတင်တဲ့ သီတင်းပတ်အတွင်း တစ်ကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက် ၉၀,၀၄၅ ဦး ရှိပြီး ဒါဟာ အရင်ကထက် ၉ရာခိုင်နှုန်း ကျဆင်းခဲ့တာ ဖြစ်ပါတယ်။