ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းကာလ တနင်္လာနေ့မှာ ပြီးဆုံးမယ်

ထိန်းသိမ်းထားတဲ့ ကာလ ပြီးဆုံးမယ့်ရက်ဖြစ်တဲ့ တနင်္လာနေ့ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ မြန်မာနိုင်ငံက ဆန္ဒပြ ပြည်သူတွေက တောင်းဆိုနေပါတယ်။

စစ်တပ်ဆန့်ကျင်ရေး အကြီးအကျယ် ဆန္ဒပြပွဲတွေကို ရန်ကုန်၊ နေပြည်တော်နဲ့ နိုင်ငံတစ်ဝန်းက နေရာအများအပြားမှာ စနေနေ့က ပြုလုပ်ခဲ့ပြီး အဲဒီလို ဆန္ဒပြတာ ၈ရက်ဆက်တိုက် ရှိပြီ ဖြစ်ပါတယ်။
နေပြည်တော်မှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတချို့က ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတွေကို ကိုင်ရင်း နိုင်ငံ့ခေါင်းဆောင်နဲ့ သမ္မတကို ချက်ချင်းလွှတ်ပေးဖို့ ကြွေးကြော်တောင်းဆိုခဲ့ကြပါတယ်။
စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ကို ဖေဖော်ဝါရီလ ၁ရက်နေ့မှာ ထိန်းသိမ်းခဲ့ပြီးနောက် နေအိမ်အကျယ်ချုပ် ချထားခဲ့တယ်လို့ ယုံကြည်ရပါတယ်။
သူတို့ကို ဖေဖော်ဝါရီလ ၁၅ရက်နေ့အထိ ထိန်းသိမ်းထားသင့်တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အရာရှိတစ်ဦးဟာ NHK ကို တယ်လီဖုန်းက တစ်ဆင့် စကားပြောကြားခဲ့ပါတယ်။
တနင်္လာနေ့အထိ ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံးက ဆင့်ခေါ်တာမျိုး မရှိရင် သူ့ကို ထိန်းသိမ်းဖို့အတွက် စစ်တပ်က စွပ်စွဲထားတာတွေဟာ တရားမဝင် ဖြစ်လာမယ်လို့ NLD ရုံးက ပြောပါတယ်။
စစ်တပ်ဟာ ဥပဒေအတိုင်း လိုက်နာရင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာနိုင်တယ်လို့လည်း ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း အစိုးရတာဝန်ကို ယူလိုက်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်တပ်ဟာ ဥပဒေနဲ့အညီ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ အလေးပေး ပြောကြားခဲ့ပါတယ်။
စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို တနင်္ဂနွေနေ့မှာလည်း ဆက်ပြီး ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။