ဂျပန်အရှေ့မြောက်ပိုင်း ငလျင်ဒဏ်ကြောင့် လူ ၁၅၀ ထက်မနည်း ထိခိုက်

ဂျပန်အရှေ့မြောက်ပိုင်းဒေသ မြေငလျင်ဒဏ်ကြောင့် လူ ၁၅၀ကျော် ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။

အခင်းဖြစ်တဲ့နေရာကို သွားရောက်သတင်းယူခဲ့တဲ့ NHK သတင်းထောက်က အခုလို သတင်းပို့ထားပါတယ်။ “ ကျွန်တော်တို့ ဖူကုရှီမ ခရိုင်က Soma မြို့ ကို ရောက်နေပါတယ်။ အခု Joban အဝေးပြေးလမ်းမကြီးကိုမြင်တွေ့နေရ တာ ဖြစ်ပါတယ်။ အဲဒီမှာ တောင်နံရံ ပြိုကျပြီး အဝေးပြေးလမ်းပိတ်နေ ပါတယ်။မြေတွေပြိုကျပြီး ကားလမ်းတစ်လျှောက်က သံဘောင်အကာအရံ တွေကို ဖုံးလွှမ်းထားတာကို မြင်ရပါတယ်။ “ လို့ ပြောသွားပါတယ်။
Tohoku ဒေသ က အဝေးပြေးလမ်း အတော်များများမှာ တစ်ချို့နေရာတွေကို ပိတ်ထားတယ် လို့ East Nippon Expressway အဝေးပြေးလမ်း ကုမ္ပဏီက ပြောပါတယ်။
East Japan Railway ရထားလုပ်ငန်းကုမ္ပဏီကလည်း Nasushiobara နဲ့ Morioka ဘူတာ အကြား ရှင်းကန်းစဲန် ကျည်ဆန်ရထားလိုင်းပြေးဆွဲမှုတွေကို တနင်္ဂနွေနဲ့ တနင်္လာ နေ့တွေမှာ ရပ်ဆိုင်းထားမယ်လို့ ပြောပါတယ်။ Akita Shinkansen Line မှာလည်း ရထားပြေးဆွဲမှုကို တနင်္ဂနွေနဲ့ တနင်္လာနေ့ တွေမှာ ရပ်ဆိုင်းထားမှာဖြစ်ပြီး၊ Yamagata Shinkansen Line ကိုတော့ တနင်္ဂနွေနေ့ မှာ ရထားပြေးဆွဲမှုရပ်ဆိုင်းခဲ့ကြောင်း သိရပါတယ်။
ငလျင်ဒဏ်ခံခဲ့ရတဲ့ဒေသမှာ ထိခိုက်သူအရေအတွက် ၁၅၀ ဦးထက်မနည်း ရှိခဲ့ပါတယ်။
ဖူကုရှီမ ခရိုင်၊ Koriyama မြို့ခံတစ်ဦးက “ ဒုက္ခ‌‌ပါပဲ။ အားလုံး ပြန့်ကျဲ ရှုပ်ပွ နေပါတယ်။ မီးဖိုချောင်က ပန်းကန်တွေအားလုံး ကွဲသွားတာ၊ နှမြောစရာပါ။ “ လို့ ပြောပါတယ်။
မီယာဂီ ခရိုင်က ပြည်သူတစ်ယောက်က၊ “ လွန်ခဲ့တဲ့ ၁၀ နှစ်က လှုပ်ခဲ့တဲ့ မြေငလျင်ကြီးနဲ့ ထပ်ကြုံရပြီလို့ တွေးလိုက်မိပြီးတော့ အရမ်း‌ကြောက်သွား တယ်။ အရမ်းလည်း စိုးရိမ်သွားပါတယ်။ “ လို့ ပြောပြပါတယ်။
အခုချိန်အထိ၊ ပစိဖိတ်သမုဒ္ဒရာဘက်ခြမ်း ပင်လယ်ကမ်းရိုးတန်း တစ်လျှောက်မှာရှိတဲ့ နျူကလီးယားလျှပ်စစ်ဓာတ်အားပေးစက်ရုံတွေမှာ အတိုင်းအတာကြီးမားတဲ့ ပျက်စီးချွတ်ယွင်းမှုရှိကြောင်း သတင်းပို့ အစီရင်ခံ တာတွေ မရှိသေးဘူးလို့ နျူကလီးယားထိန်းသိမ်းရေး အာဏာပိုင်အဖွဲ့ ပြောကြားလိုက်ပါတယ်။
Tohoku နဲ့ Kanto ဒေသက အိမ်ခြေပေါင်း ၈၅၀၀၀၀ မှာ အခိုက်အတန့် အားဖြင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ရှိခဲ့ပါတယ်။ အခုအချိန်မှာ တဖြည်းဖြည်းချင်း မီးပြန်ပေးနေပြီလို့ သိရပါတယ်။
မီယာဂီနဲ့ ဖူကုရှီမ ခရိုင် က တစ်ချို့မြို့နယ်တွေမှာ ရေပိုက်တွေပျက်စီးပြီး သောက်သုံးရေပြတ်ခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။