ဂျပန်အရှေ့မြောက်ပိုင်းမှာ မဂ္ဂနီကျုဒ် ၇.၃ ပြင်းအားရှိ မြေငလျင်လှုပ်ခတ်ခဲ့

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ စနေနေ့ ညက မဂ္ဂနီကျုဒ် ၇.၃ ပြင်းအားရှိတဲ့ မြေငလျင် လှုပ်ခတ်ခဲ့ပါတယ်။

ငလျင်ကြောင့် ဆူနာမီသတိပေးချက်ထုတ်ပြန် ခဲ့ခြင်းမရှိပေမဲ့၊ လူ ၁၅၀ ထက်မနည်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သတင်းရရှိ ပါတယ်။
ဒီငလျင်ဟာ ၂၀၁၁ ခုနှစ်က အဲဒီဒေသမှာ လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြီးရဲ့ နောက်ဆက်တွဲ ငလျင် တစ်ခုဖြစ်တယ်လို့ ဂျပန် မိုးလေဝသ အေဂျင်စီက ယူဆထားပါတယ်။
အေဂျင်စီရဲ့ ငလျင်သတင်းအချက်အလက်ဆိုင်ရာ အကြီးတန်း ညှိနှိုင်းရေးမှူး Kamaya Noriko က "ငလျင်လှုပ်ခတ်မှု ပြင်းထန်ခဲ့တဲ့ ဧရိယာတွေမှာ အိမ်ပြို၊ မြေပြိုတာတွေ ဖြစ်နိုင်တဲ့ အန္တရာယ်တွေ မြင့်နေပါတယ်။ လာမည့် သီတင်းပတ်အတွင်း ဒါမှမဟုတ် အဲဒီနောက်ပိုင်းမှာ ဂျပန်ငလျင်တိုင်းထွာမှု စနစ်အရ ၆-အပြင်းစား အထိ အမြင့်ဆုံးရှိတဲ့ မြေငလျင်တွေလှုပ်ခတ်နိုင်တာ ကြောင့် သတိနဲ့နေထိုင်ဖို့ ပြည်သူတွေကိုတိုက်တွန်းထားပါတယ်" လို့ ပြောပါတယ်။
စနေနေ့ ညက ကြီးမားတဲ့ငလျင်ကြီးလှုပ်ခဲ့ပြီးနောက် ဖူကုရှီမ ကမ်းလွန်ကို ဗဟိုပြုပြီး နောက်ဆွဲတွဲငလျင်တွေ အကြိမ်ကြိမ် ဆက်တိုက်လှုပ်ခတ်ခဲ့ ခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း နောက်ဆက်တွဲငလျင်တွေ ထပ်လှုပ်လာနိုင် တဲ့အတွက် ဆက်လက်ပြီး သတိနဲ့ နေထိုင်ကြဖို့ ပြည်သူတွေကို နှိုးဆော်နေ ပါတယ်။
မီယာဂီ နဲ့ ဖူကုရှီမ ခရိုင်က မြို့နယ် ၄ ခုမှာ ကနဦး ငလျင်ရဲ့ ပြင်းအားဟာ သုည ကနေ ၇ အဆင့်ထိ ရှိတဲ့ ဂျပန်ငလျင်တိုင်းထွာမှု စနစ်အရ ဒီတစ်ခေါက် လှုပ်ခတ်ခဲ့တဲ့ငလျင်ဟာ ၆ အဆင့် ထက်ကျော်လွန်ခဲ့ပါတယ်။
ဒီမြေငလျင်ဟာ ဖူကုရှီမ ခရိုင် ကမ်းလွန်က ပင်လယ်ကြမ်းပြင်အောက် ၅၅ ကီလိုမီတာ ကို ဗဟိုပြုလှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသ အေဂျင်စီက ခန့်မှန်း ထားပါတယ်။
ဖူကုရှီမ ခရိုင်အုပ်ချုပ်ရေးအဖွဲ့က အရာရှိတွေကို ကူညီဖို့ လေ့လာစုံစမ်းရေး အဖွဲ့တစ်ဖွဲ့ကို ဗဟိုအစိုးရက စေလွှတ်လိုက်ပါတယ်။
ဝန်ကြီးချုပ် Suga Yoshihide က ဆူနာမီ အန္တရာယ် မရှိကြောင်း တနင်္ဂနွေနေ့ မနက်စောစောအချိန်မှာ ပြောခဲ့ပါတယ်။ နျူကလီးယားစွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံတွေမှာလည်း လက်ရှိအချိန်မှာ ပြဿနာ တစ်စုံတစ်ရာ မရှိဘူးလို့ သူက ဖြည့်စွက်ပြောကြားသွားပါတယ်။