မစ္စတာ Trump ကို စွဲချက်တင်ရေး မဲပေးမှု စနေနေ့မှာ ပြုလုပ်ဖွယ်ရှိ

အမေရိကန်သမ္မတဟောင်း Donald Trump အပေါ် စွဲချက်တင် ကြားနာစစ်ဆေးမှုအတွက် အမေရိကန် အထက်လွှတ်တော် က အစောဆုံး စနေနေ့ မှာ မဲပေးဆုံးဖြတ်မှု ပြုလုပ်ဖွယ် ရှိပါတယ်။

မစ္စတာ Trump ဟာ ဥပဒေမဲ့လုပ်ရပ်တွေကို အားပေးအားမြှောက်ပြုဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ငြင်းဆိုခဲ့ပြီး အပြစ်မရှိကြောင်း သူရဲ့ ရှေ့နေတွေက သောကြာနေ့မှာ ကာကွယ်ထွက်ဆိုခဲ့ကြပါတယ်။
သူဟာ ဇန်နဝါရီလ ၆ ရက်နေ့က လွှတ်တော်အဆောက်အအုံကို ၀င်ရောက်တိုက်ခတ်ခဲ့တဲ့ ထောက်ခံသူတွေရဲ့ ပုန်ကန်မှုကို လှုံ့ဆော်ပေးခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
Trump ရဲ့ အဖွဲ့က စွဲချက်တင် ကြားနာစစ်ဆေးမှုဟာ အခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ ဆိုပြီး ပယ်ချခဲ့ပါတယ်။ ဒါ့အပြင် အဓိကရုဏ်းမဖြစ်ပွားခင် ဒေါသတကြီး ပြောကြားခဲ့တဲ့ Trump ရဲ့ မိန့်ခွန်းဟာ နို၀င်ဘာလမှာ ကျင်းပခဲ့တဲ့ ၂၀၂၀ သမ္မတရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်လို့ သူ့ရဲ့သံသယကို ထုတ်ဖော်ပြသတာဖြစ်ပြီး ဒါဟာ တရားဥပဒေအရ အကာအကွယ်ရှိတယ်လို့ သူတို့က ဆိုပါတယ်။
အပြီးသတ် ဆွေးနွေးမှုတွေကို စနေနေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ ဒီမိုကရက်တွေနဲ့ Trump ရဲ့ ရှေ့နေတွေကပါ မျက်မြင်သက်သေတွေခေါ်ဖို့ မဖော်ပြခဲ့တဲ့အတွက် စွဲချက်နဲ့ပတ်သက်ပြီး အဲဒီနေ့မှာပဲ ချက်ခြင်း မဲပေးဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။
ဒီစွဲချက်နဲ့ပတ်သက်ပြီး ပြစ်ဒဏ်ချမှတ်ဖို့အတွက် အထက်လွှတ်တော်ရဲ့ အများဆုံး သုံးပုံနှစ်ပုံ ထောက်ခံမှု ရရှိဖို့ လိုအပ်ပါတယ်။ ရီပတ်ဘလီကန်အထက်လွှတ်တော်အမတ် အများအပြား က ဒီကြားနာစစ်ဆေးမှုဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ ငြင်းခုံနေကြတဲ့အတွက် Trump ကို အပြစ်မရှိကြောင်း ဆုံးဖြတ်ချက်ချဖို့ မျှော်လင့်ရပါတယ်။