မြန်မာဆန္ဒပြသူတွေ ဂျပန်သံရုံး အပြင်မှာ စုရုံး

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြသူတွေဟာ ဂျပန်အစိုးရကနေ အရေးယူမှုတွေ ပိုမိုပြုလုပ်ပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ရန်ကုန်မြို့မှာရှိတဲ့ ဂျပန်သံရုံး အပြင်ဘက်မှာ စုရုံးခဲ့ကြပါတယ်။

လူထုဆန္ဒပြပွဲတွေကို မြို့တော်နေပြည်တော် နဲ့ တခြားနေရာတွေမှာ နေ့စဉ်ရက်ဆက် ပြုလုပ်လာခဲ့တာ သောကြာနေ့ဟာ ၇ ရက်မြောက်နေ့ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံကနေ စစ်တပ်ခေါင်းဆောင်တွေကို အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်တာမျိုး လိုက်လုပ်ပေးဖို့ ဂျပန်နိုင်ငံကို တောင်းဆိုမှုတွေ များပြားလာနေပါတယ်။
ဆန္ဒပြသူတွေကို ဂျပန်အစိုးရက ထောက်ခံစေလိုတယ်လို့ သံရုံးအပြင်ဘက်မှာ ပြုလုပ်ခဲ့တဲ့ဆန္ဒပြပွဲမှာ ပါ၀င်ခဲ့တဲ့ အမျိုးသမီးတစ်ဦး က ဆိုပါတယ်။
ဆန္ဒပြသူတွေကို နှိမ်နင်းမှုတွေကို စစ်တပ်က တိုးမြှင့် လုပ်ဆောင်နေပုံရပါတယ်။ မြန်မာနိုင်ငံတောင်ပိုင်း မော်လမြိုင်မြို့မှာ ဆန္ဒပြနေတဲ့ လူအုပ်ကို လူစုခွဲဖို့ ရဲတွေက ရာဘာကျည်ဆံတွေကို လေထဲကို ပစ်ခတ်ခဲ့တယ်လို့ အစိုးရပိုင် ရုပ်မြင်သံကြားဌာနက ထုတ်လွှင့်ခဲ့ပါတယ်။ လူ ၄ ဦး ထိန်းသိမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့တယ်လို့ ထင်မြင်ရတဲ့ ဓာတ်ပုံတွေကို ဒေသခံတွေက အွန်လိုင်းပေါ်မှာ တင်ခဲ့ကြပါတယ်။ လူ ၃ ဦး ပစ်ခတ်ခံခဲ့ရတယ်လို့ သတင်းဌာနတချို့က ပြောပါတယ်။