ကိုရိုနာဗိုင်းရပ်စ် ဘယ်ကစသလဲဆိုတာနဲ့ ပတ်သက်ပြီး အယူအဆ အမျိုးမျိုး ရှိနေသေး

ကိုရိုနာဗိုင်းရပ်စ် ဘယ်ကစသလဲဆိုတာကို စစ်ဆေးလေ့လာဖို့ တရုတ်နိုင်ငံ Wuhan မြို့ဆီ စေလွှတ်ခဲ့တဲ့ ကျွမ်းကျင်ပညာရှင် အဖွဲ့က လာမယ့် သီတင်းပတ်အတွင်း အကျဉ်းချုပ် အစီရင်ခံစာကို ထုတ်ဝေနိုင်မယ်လို့ မျှော်လင့်နေကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ရဲ့ အကြီးအကဲက ဆိုပါတယ်။

WHO အထွေထွေ ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ဒီဗိုင်းရပ်စ် ဘယ်ကစသလဲ ဆိုတာနဲ့ပတ်သက်ပြီး အယူအဆ အမျိုးမျိုးက “အပြီးသတ် မဟုတ်သေးဘဲ နောက်ထပ် စိစစ်လေ့လာမှုတွေ လိုသေးတယ်” လို့ ဖြည့်စွက် ပြောဆိုခဲ့ပါတယ်။
ကျွမ်းကျင်ပညာရှင် အဖွဲ့ရဲ့ ခေါင်းဆောင် Peter Ben Embarek နဲ့အတူ တွဲပြီး သောကြာနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက အဲဒီလို ပြောခဲ့တာပါ။
ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှု မကြီးထွားသေးခင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို သူတို့ ပိုပြီး ကောင်းကောင်းနားလည်လာတယ်လို့ မစ္စတာ Embarek က ပြောခဲ့ပါတယ်။ ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ် ဘယ်ကစသလဲဆိုတာကို အတည်ပြုဖို့ ခက်နေသေးတယ် လို့လည်း သူက ဆိုခဲ့ပါတယ်။
ကျွမ်းကျင်ပညာရှင်တွေက Wuhan မြို့ကို ဇန်နဝါရီလ ၂၉ ရက်ကနေ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ အထိ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
ရောဂါစတင်ဖြစ်ပွားတဲ့ နေရာလို့ ယုံကြည်ရတဲ့ ရေထွက်ပစ္စည်းရောင်းတဲ့စျေးကိုလည်း သူတို့ သွားရောက် စစ်ဆေးခဲ့ကြပါတယ်။
လင်းနို့တွေမှာတွေ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို သုတေသန လုပ်နေမှုနဲ့ လူသိများတဲ့ Wuhan ဗိုင်းရပ်စ်ရောဂါ လေ့လာရေးဋ္ဌာန ကိုလည်း သူတို့ သွားရောက်ခဲ့ကြပါတယ်။