တိုကျို အိုလံပစ် အားကစားပွဲကြီး ဘေးကင်းစွာ ကျင်းပနိုင်ဖို့ လမ်းညွှန်ချက်တွေ လိုအပ်ကြောင်း မစ္စတာ Fauci ပြော

အားကစားသမားတွေနဲ့ လာရောက်ကြည့်ရှုသူတွေ ဘေးကင်းလုံခြုံစေမှု သေချာစေဖို့အတွက် တိုကျို အိုလံပစ်နဲ့ ပါရာလင်းပစ် အားကစားပွဲကြီးကို စီစဉ်သူတွေက လမ်းညွှန်ချက်တွေ ချမှတ်သင့်ကြောင်း အိမ်ဖြူတော်ရဲ့ ကျန်းမာရေးဆိုင်ရာ အကြံပေး အကြီးအကဲ မစ္စတာ Anthony Fauci က ပြောပါတယ်။

အမေရိကန်အစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဆိုင်ရာ တုံ့ပြန်ရေးတာဝန်ခံ အကြီးအကဲ မစ္စတာ Fauci က သောကြာနေ့က နိုင်ငံခြားက သတင်းထောက်တွေကို အခုလို ပြောခဲ့တာပါ။
တိုကျို အားကစားပွဲကြီးကို ဘေးအန္တရာယ်ကင်းစွာ ကျင်းပနိုင်မလားလို့ မေးတဲ့အခါ မစ္စတာ Fauci က “ဒါက ကမ္ဘာတစ်ဝန်းနဲ့ ဂျပန်နိုင်ငံက ရောဂါဖြစ်ပေါ်ပြောင်းလဲမှု အနေအထားပေါ်မှာ တကယ်ကို မူတည်နေတယ်” လို့ ဖြေကြားခဲ့ပါတယ်။
ဂျပန်နိုင်ငံမှာ ရှိနေသူတွေနဲ့ ဂျပန်နိုင်ငံကို လာမယ့် ခရီးသွားတွေအတွက် ဘေးကင်းလုံခြုံစေမှု သေချာစေရန် လမ်းညွှန်ချက်တွေ ချမှတ်တာမျိုး လုပ်နိုင်သမျှကို သေသေချာချာ လုပ်ထားဖို့က အရေးကြီးတယ်လို့လည်း သူက ပြောခဲ့ပါတယ်။