ဂျပန် ဆာမူရိုင်း စစ်သူကြီး အသံပါဝင်တဲ့ အချိုရည် အရောင်းစက်က ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် အကြံပေး

ဂျပန်က မြို့တစ်မြို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀လောက်က အဲဒီ မြို့မှာ နေထိုင်ခဲ့တဲ့ နာမည်ကြီး ဒေသခံတစ်ဦးရဲ့ ရုပ်ပုံကို အသုံးပြုပြီး မျက်မှောက်ခေတ်ကာလက ပြဿနာတစ်ခုနဲ့ ပတ်သက်ပြီး လူတွေ ပိုပြီး သတိထားမိလာအောင် ကြိုးစားနေပါတယ်။

ဂျပန် အနောက်ပိုင်း ရှိဂခရိုင် Kora မြို့ဟာ ဆာမူရိုင်း စစ်သူကြီး Todo Takatora ရဲ့ ပုံရိပ်ပါဝင်တဲ့ အချိုရည် အရောင်းစက်ကို စတင် အသုံးပြုနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး အကြံပေးတဲ့ အစီအစဉ်အတွက် အဲဒီ မြို့ဟာ အချိုရည်ကုမ္ပဏီကြီး တစ်ခုနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
ကြာသပတေးနေ့က အဲဒီမြို့မှာ စစ်သူကြီး Takatora လို ဝတ်ဆင်ထားတဲ့ ဒေသခံတစ်ဦး ပါဝင်တဲ့ အခမ်းအနားတစ်ခုကို ကျင်းပခဲ့ပါတယ်။
ဝယ်ယူသူတွေဟာ စက်ထဲ အကြွေစေ့ ထည့်လိုက်ရင် စစ်သူကြီး Takatora အသံကို တုပြီး သွင်းထားတဲ့ အသံက ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး အပြည့်အဝ ပြင်ဆင်ထားဖို့ အကြံပြုတဲ့ စကားပြောဆိုပါတယ်။ ဝယ်ယူလိုက်တဲ့ ပစ္စည်းတွေက ပစ္စည်းထုတ်ပေးတဲ့ နေရာကို ကျလာရင် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် စပြီး တိုက်ပွဲဝင်ရတော့မယ်လို့ အဲဒီ အသံက ပြောပါတယ်။
အဲဒီ အရောင်းစက်မှာ အချိုရည်အပြင် နှာခေါင်းစည်းနဲ့ ပိုးသတ်ဆေးပါ တစ်ရှူးအစိုတွေကိုလည်း ဝယ်ယူနိုင်ပါတယ်။
Kora မြို့အုပ်ချုပ်ရေးအဖွဲ့ရဲ့ စီးပွားရေးလုပ်ငန်း မြှင့်တင်ရေးဌာနက Nishimura Katsuhide က အဲဒီ အရောင်းစက်တွေဟာ လူတွေကို ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး နိုးနိုးကြားကြား ရှိနေစေဖို့အတွက် အထောက်အကူ ပြုလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။