Google ရဲ့ အွန်လိုင်း သတင်း ဝန်ဆောင်မှုမှာ ဂျပန် မီဒီယာအဖွဲ့အစည်းတွေ ပါဝင်

ဂျပန် မီဒီယာအဖွဲ့အစည်း တချို့ဟာ အမေရိကန် နည်းပညာ ကုမ္ပဏီကြီး Google ရဲ့ နိုင်ငံတကာ အွန်လိုင်းသတင်း ဝန်ဆောင်မှုအသစ်မှာ ပါဝင်ဖို့ သဘောတူလိုက်ပြီလို့ Google က ကြေညာခဲ့ပါတယ်။

Google News Showcase အွန်လိုင်းသတင်း ဝန်ဆောင်မှုကို ပြီးခဲ့တဲ့နှစ်က စတင်ခဲ့တာ ဖြစ်ပြီး Google ကုမ္ပဏီဟာ မီဒီယာ မိတ်ဖက်အဖွဲ့အစည်းတွေကို လာမယ့် ၃နှစ်တာအတွက် အသုံးပြုခ ပေးချေတဲ့အနေနဲ့ အမေရိကန် ဒေါ်လာ ၁ဘီလီယံ ရင်းနှီးမြှုပ်နှံမယ်လို့ မျှော်လင့်ရပါတယ်။
အခုအချိန်ထိ ဥရောပနဲ့ တောင်အမေရိကက သတင်းမီဒီယာ အဖွဲ့အစည်းတွေ အပါအဝင် အဖွဲ့အစည်းပေါင်း ၄၅၀ကျော်ဟာ အဲဒီ ဝန်ဆောင်မှုမှာ ပါဝင်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီအထဲမှာ Reuters သတင်းအေဂျင်စီနဲ့ ပြင်သစ် ရှေ့ဆောင် သတင်းစာ Le Monde တို့ ပါဝင်ပါတယ်။
စာချုပ်ချုပ်ဆိုထားတဲ့ ဂျပန် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဝန်ဆောင်မှုကို ဘယ်အချိန် စတင်မလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ Google ဟာ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
Google နဲ့ Facebook လိုမျိုး နည်းပညာ ကုမ္ပဏီကြီးတွေရဲ့ စာမျက်နှာမှာ ပေါ်လာတဲ့ ဒါမှမဟုတ် အဲဒီ စာမျက်နှာတွေမှာ ရှာဖွေလို့ ရတဲ့ သတင်းတွေအတွက် ငွေပေးချေဖို့ အဲဒီ ကုမ္ပဏီတွေအပေါ် ဖိအားပေးမှုတွေ တိုးများလာနေပါတယ်။
နည်းပညာ ကုမ္ပဏီကြီးတွေအနေနဲ့ ဒေသန္တရ မီဒီယာအဖွဲ့အစည်းတွေရဲ့ သတင်း အကြောင်းအရာတွေကို အသုံးပြုခြင်းအတွက် ငွေပေးချေရမယ်လို့ ဆိုတဲ့ ဥပဒေကို ဩစတြေးလျအစိုးရက ပြဋ္ဌာန်းဖို့ ကြိုးစားနေပါတယ်။