BBC World News ရုပ်သံသတင်းကို တရုတ်မှာ လွှင့်ထုတ်မှု တရုတ်အစိုးရပိတ်ပင်

BBC World News ကို တရုတ်နိုင်ငံမှာ ထုတ်လွှင့်တာကို တားမြစ်ပိတ်ပင်လိုက်ပြီလို့ တရုတ်အစိုးရက ပြောဆိုလိုက်ပါတယ်။

တရုတ်ရဲ့ National Radio and Television Administration က သောကြာနေ့မှာ အဲဒီလို ကြေညာခဲ့ပါတယ်။ ဗြိတိန်က အဲဒီရုပ်သံလိုင်းဟာ သတင်းမှန်ကန်ရမယ်ဆိုတဲ့စည်းကမ်းကို ချိုးဖောက်ခဲ့တယ်ဆိုတာနဲ့ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်ခဲ့တယ်လို့လည်း ပြောပါတယ်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab က အဲဒီဆုံးဖြတ်ချက်ဟာ မီဒီယာလွတ်လပ်မှုကို ပိတ်ပင်ရာရောက်တဲ့အတွက် လက်ခံနိုင်စရာ မရှိဘူးလို့ ရှုတ်ချပြောဆိုလိုက်ပါတယ်။
အခုလစောစောပိုင်းက ဗြိတိန်မှာ ရုပ်သံထုတ်လွှင့်မှုနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ အတော်လေးဖြစ်ပွားခဲ့ပြီးတဲ့နောက် တရုတ်ရဲ့ အခုဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့တာပါ။
ရှင်ကျန်း ဝီဂါကိုယ်ပိုင်အုပ်ချုပ်ရေးဒေသမှာ တရုတ်အစိုးရရဲ့ ပြန်လည်ပညာပေးရေးစခန်းတွေမှာ ဝီဂါအမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံခဲ့ရတယ်ဆိုတာ BBC က သတင်းပေးပို့အစီရင်ခံခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အဲဒီသတင်းအစီရင်ခံချက်ဟာ အခြေအမြစ်လုံးဝမရှိဘူးလို့ ပြောပါတယ်။
China Global Television Network ရဲ့ ဗြိတိန်မှာ ထုတ်လွှင့်ခွင့်လိုင်စင်ကို ဗြိတိန်က ပယ်ဖျက်ခဲ့တာနဲ့ပတ်သက်ပြီး တရုတ်ဟာ ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပါတယ်။