Pfizer ကာကွယ်ဆေး ထိရောက်မှု ၉၃ ရာခိုင်နှုန်းရှိဟု အစ္စရေးတွင် တွေ့ရှိ

Pfizer နဲ့ BioNTech ကုမ္ပဏီတို့က ထုတ်လုပ်တဲ့ ကာကွယ်ဆေးဟာ ၉၃ ရာခိုင်နှုန်း ထိရောက်မှုရှိတယ်လို့ ခန့််မှန်းရတဲ့အကြောင်း အစ္စ‌ရေးနိုင်ငံက ကျန်းမာရေး ပြုစုစောင့်ရှောက်မှုဆိုင်ရာ အဖွဲ့အစည်းက ပြောဆိုလိုက် ပါတယ်။

COVID-19 တိုက်ဖျက်ရေးအတွက် နိုင်ငံသားတွေကို ကာကွယ်ဆေးထိုးပေးရေးကြိုးပမ်းမှုမှာ အစ္စရေးဟာ ကမ္ဘာမှာဦးဆောင်နေပါတယ်။ မနှစ်က ဒီဇင်ဘာလလယ်မှာ ကာကွယ်ဆေးထိုးတာကို စတင်ခဲ့ပါတယ်။ နိုင်ငံ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းနီးပါးဖြစ်တဲ့ ၃.၆ သန်းကို ပထမအကြိမ်ကာကွယ်ဆေး ထိုးပေးခဲ့ပြီး ဖြစ်ပါတယ်။ ၂.၂ သန်းကတော့ ဒုတိယအကြိမ်ထိုးခဲ့ပြီးပြီ ဖြစ်ပါတယ်။
အဲဒီလိုဆေးထိုးပေးမှုကို လုပ်နေတဲ့ အဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်တဲ့ Maccabi Healthcare Service က ကြာသပတေးနေ့က ပြောဆိုရာမှာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးခဲ့ပြီးသူ ၅၂၃၀၀၀ ထဲက ၅၄၄ ဦးဟာ အနည်းဆုံးသီတင်း တစ်ပတ်ကြာပြီး‌တော့မှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတာကို စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။
ကာကွယ်ဆေးမထိုးရသေးတဲ့အုပ်စုထဲက လူ ၆၂၈၀၀၀ ကို အဲဒီအဖွဲ့က စစ်ဆေးတဲ့အခါ အဲဒီလူတွေအထဲက ၁၈၄၃၅ ဦး ကူးစက်ခံခဲ့ရတာကို တွေ့ရှိခဲ့ရပါတယ်။
Maccabi အဖွဲ့က ကာကွယ်ဆေးရဲ့ ထိရောက်မှုနှုန်းဟာ ဒုတိယအကြိမ်ထိုးပြီးနောက် ၇ ရက် ၈ ရက်ကြာပြီးတဲ့အခါ ၉၃ ရာခိုင်နှုန်းရှိတယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီကိန်းဂဏန်းတွေဟာ အားရစရာပါပဲ လို့လည်း ဆိုလိုက်ပါတယ်။