မြန်မာစစ်အာဏာသိမ်းမှုအပေါ် ဒဏ်ခတ်အရေးယူမှုတွေ အမေရိကန် ကြေညာ

အမေရိကန်သမ္မတ Joe Biden အစိုးရအဖွဲ့ဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာနဲ့ ပတ်သက်ပြီး လူပုဂ္ဂိုလ် ၁၀ ဦးနဲ့ ကုမ္ပဏီ ၃ ခုကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

ကြာသပတေးနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက အဲဒီလို ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒီဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ဗုဒ္ဓဟူးနေ့က မစ္စတာ Biden လက်မှတ်ထိုး ထုတ်ပြန်ခဲ့တဲ့ သမ္မတအမိန့်ကို အခြေခံပြီး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီလူပုဂ္ဂိုလ် ၁၀ ဦးက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် အရာရှိဟောင်းတွေနဲ့ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ စစ်တပ်အရာရှိတွေ ဖြစ်တယ်လို့ အဲဒီကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ သူတို့တွေဟာ အာဏာသိမ်းမှုအတွက် "တာဝန်ရှိသူတွေ" ဒါမှမဟုတ် မြန်မာစစ်တပ်နဲ့ "ပတ်သက်သူတွေ" ဖြစ်တယ်လို့ အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။
ကုမ္ပဏီ ၃ ခုကတော့ မြန်မာစစ်တပ် ဒါမှမဟုတ် လုံခြုံရေးတပ်ဖွဲ့တွေက "ပိုင်ဆိုင်တာ ဒါမှမဟုတ် ထိန်းချုပ်ထားတာ" တွေ ဖြစ်တယ်လို့ အဲဒီကြေညာချက်ထဲမှာ ဆိုထားပါတယ်။ ကုမ္ပဏီတွေကတော့ ပတ္တမြား၊ ကျောက်စိမ်းနဲ့ တခြားကျောက်မျက်ရတနာတွေ ရောင်းဝယ်တဲ့ ကုမ္ပဏီတွေ ဖြစ်ပါတယ်။ အမေရိကန်မှာရှိတဲ့ အဲဒီလူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပိတ်သိမ်းထားပါတယ်။ အမေရိကန်နိုင်ငံသားတွေနဲ့ စီးပွားရေးလုပ်မှာကိုလည်း ပိတ်ပင်ထားပါတယ်။
မစ္စတာ Biden အစိုးရအဖွဲ့ဟာ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပူးပေါင်းပြီး မြန်မာစစ်တပ်အပေါ်မှာ ဖိအားတွေ တိုးမြှင့်ဖို့ ဆန္ဒရှိပုံရပါတယ်။