Pfizer ကာကွယ်ဆေး ဂျပန်သို့ ရောက်ရှိ

အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer က တီထွင်ထုတ်လုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ပထမဆုံး တင်ပို့မှုကို ဂျပန်နိုင်ငံက လက်ခံရရှိခဲ့ပါတယ်။

ကာကွယ်ဆေးတွေဟာ ဘယ်ဂျီယံကနေ လေယာဉ်နဲ့ သောကြာနေ့က တိုကျိုအနီး နာရီတာ လေဆိပ်ကို ရောက်ရှိလာခဲ့ပါတယ်။
ဂျပန်ရဲ့ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအဖြစ် ကျန်းမာရေးဝန်ကြီး Tamura Norihisa က အစောဆုံး တနင်္ဂနွေနေ့မှာ တရားဝင် အတည်ပြုမယ်လို့ မျှော်လင့်ရ ပါတယ်။
နောက်သီတင်းပတ် အလယ်လောက်မှာ ကျန်းမာရေး ဝန်ထမ်းတွေကို အရင်ဆုံး ထိုးပေးဖို့ အစိုးရက စီစဉ်ထားပါတယ်။
အသက်အရွယ်ကြီးသူတွေကို ဧပြီလမှာ စတင် ထိုးပေးဖွယ်ရှိပြီး အဲဒီနောက်မှာ ရောဂါအခံရှိသူတွေနဲ့ ဘိုးဘွားစောင့်ရှောက်ရေး ဂေဟာက ဝန်ထမ်းတွေကို ထိုးပေးသွားမှာ ဖြစ်ပါတယ်။
Pfizer ကုမ္ပဏီဟာ ဂျပန်အစိုးရနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ လူပေါင်း ၇၂ သန်းစာအတွက် လုံလောက်တဲ့ ကာကွယ်ဆေးတွေ ပေးဖို့ ရှိပါတယ်။