ဂျပန်အစိုးရက အရေးပေါ်အခြေအနေ ဆက်ထားဖို့ရှိ

ဂျပန်စီးပွားရေးပြန်လည်အားကောင်းလာစေရေးဝန်ကြီး Nishimura Yasutoshi က ကျန်းမာရေးစနစ်အပေါ် ဝန်ပိနေတာတွေကို ထောက်ပြပြီး ဂျပန်အစိုးရအနေနဲ့ လောလောဆယ် ကိုရိုနာဗိုင်းရပ်စ်အရေး ကိုင်တွယ်ဖြေရှင်းဖို့ အရေးပေါ်အခြေအနေကို ဆက်လက်ထားရှိမယ်လို့ အရိပ်အမြွက် ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီလ အစောပိုင်းကတည်းက ကူးစက်မှုတွေ များတဲ့ တိုကျို၊ အိုစာကာနဲ့ တခြားခရိုင် ၈ ခုမှာ အရေးပေါ် အခြေအနေ ဆက်ထားဖို့ လိုအပ်တယ်လို့ သောကြာနေ့က ပြုလုပ်တဲ့ အကြံပေးအဖွဲ့ရဲ့ အစည်းအဝေးမှာ မစ္စတာ Nishimura က ပြောပါတယ်။ အဲဒီ အကြံပေးအဖွဲ့ဟာ ပြင်ဆင်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ အထူးအစီအမံ နဲ့ ပတ်သက်တဲ့ ဥပဒေနဲ့အညီ အစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး အခြေခံလမ်းညွှန်ချက်တွေ ပြင်ဆင်ရေး အစီအစဉ်ကို ဆွေးနွေးခဲ့ကြပါတယ်။
ရောဂါကူးစက်မှုအသစ်အရေအတွက် လျော့ကျ လာနေပေမယ့် လည်း ဆေးရုံ၊ ဆေးခန်းတွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တွေမှာ အကျပ်အတည်းတွေ ရှိနေသေးတယ်လို့ COVID-19 တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ တာဝန်ခံ မစ္စတာ Nishimura က ပြောပါတယ်။
မစ္စတာ Nishimura က ကူးစက်မှုအခြေအနေတွေ၊ ဆေးရုံ ခုတင်တွေ ပြင်ဆင်ထားရှိမှုနဲ့ လူတွေရဲ့ လှုပ်ရှားမှု စတဲ့ အချက်အလက်တွေကို ခရိုင်အာဏာပိုင်တွေနဲ့ မျှဝေရင်း ဒီအခြေအနေကို ဆက်ပြီး အနီးကပ်စောင့်ကြည့်သွားဖို့ ကတိပေးခဲ့ပါတယ်။
ဂျပန်အစိုးရအနေနဲ့ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ကာကွယ်တားဆီးဖို့နဲ့ ဒီကပ်ရောဂါကို တတ်နိုင်သမျှ အမြန်ဆုံး ထိန်းချုပ်နိုင်အောင် ဦးစားပေး လုပ်ဆောင်သွားမယ်လို့ မစ္စတာ Nishimura က ပြောပါတယ်။