တိုကျိုအိုလံပစ်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်မယ်လို့ ပြော

ပြဿနာတွေနဲ့ ကြုံတွေ့နေရတဲ့ တိုကျိုအိုလံပစ်ကျင်းပရေး ကော်မတီ အကြီးအကဲက ရာထူးက နုတ်ထွက်မယ်လို့ ပြောကြားလိုက်ပါတယ်။

မစ္စတာ Mori Yoshiro က ကော်မတီရဲ့ အမှုဆောင်တွေနဲ့ ဘုတ်အဖွဲ့ကောင်စီဝင်တွေရဲ့ အလောတကြီး စီစဉ်ထားတဲ့ ပူးတွဲအစည်းအဝေးမှာ သူ နုတ်ထွက်တော့မယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။ အသက် ၈၃ နှစ် အရွယ် မစ္စတာ Mori ဟာ အမျိုးသမီးတွေအပေါ် နှိမ့်ချတဲ့ မှတ်ချက်စကား ပြောမိတဲ့အတွက် နိုင်ငံတကာက ကန့်ကွက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီးတဲ့နောက် သီတင်းတစ်ပတ်ကျော်အကြာမှာ အခုလို နုတ်ထွက်မှု ဖြစ်လာခဲ့တာပါ။
မစ္စတာ Mori က အမျိုးသမီးတွေဟာ အလွန်စကားများတဲ့ အတွက်ကြောင့် အစည်းအဝေးချိန်တွေ ကြာရှည်တယ်လို့ ပြောခဲ့တဲ့အချိန်ကပြီး အခုလို အငြင်းပွားမှုစတင်ခဲ့တာ ဖြစ်ပါတယ်။
သူ တောင်းပန်ခဲ့ပေမယ့် ဂျပန်ပြည်တွင်း ပြည်ပက ဝေဖန်မှုတွေကို ဆက်ပြီး ရင်ဆိုင်နေခဲ့ရပါတယ်။ သူ့ကို ကန့်ကွက်တဲ့ အနေနဲ့ အိုလံပစ်အားကစားပွဲအတွက် စေတနာ့ဝန်ထမ်းတွေ ရာနဲ့ချီပြီး နုတ်ထွက်တာတွေ ဖြစ်လာခဲ့ပါတယ်။
မစ္စတာ Mori က ကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် ဆက်ခံဖို့ သူ့ကို တောင်းဆိုခဲ့တယ်လို့ အသက် ၈၄ နှစ် အရွယ် ဂျပန် ကြေးစားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း Kawabuchi Saburo က ပြောပါတယ်။ ဒါပေမဲ့ သူက အဲဒီရာထူးကို ငြင်းဆန်ခဲ့တယ်လို့ သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။
တိုကျိုအားကစားပွဲတွေကို ပြင်ဆင်မှုတွေ လုပ်ဆောင်နေချိန်မှာ အခုလို ကသောင်းကနင်းတွေ ဖြစ်လာခဲ့ရပါတယ်။ အားကစားပွဲတွေကို ကပ်ရောဂါကြောင့် တစ်နှစ် ရွှေ့ဆိုင်းထားခဲ့ပြီးနောက် ဇူလိုင်လ ၂၃ ရက်နေ့မှာ စတင်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။