ယူရေနီယမ်သတ္တု ထုတ်လုပ်မှု အီရန် စတင်

အီရန်နိုင်ငံဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ချုပ်ဆိုထားတဲ့ ၂၀၁၅ ခုနှစ် နျူကလီးယား သဘောတူညီချက်ကို နောက်ထပ် ချိုးဖောက်ပြီး ယူရေနီယမ်သတ္တု ထုတ်လုပ်မှုကို စတင်လိုက်တယ်လို့ NHK က သိရှိရပါတယ်။

နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) က NHK ကို ဗုဒ္ဓဟူးနေ့က ပြောကြားရာမှာ အီရန်နိုင်ငံအလယ်ပိုင်း Isfahan ပြည်နယ်မှာရှိတဲ့ နျူကလီးယား အဆောက်အအုံတစ်ခုမှာ အဲဒီ သတ္တုထုတ်လုပ်မှုကို စတင်ခဲ့ကြောင်း သူတို့ အတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။

ယူရေနီယမ်သတ္တု တိုးမြှင့်ထုတ်လုပ်ဖို့အတွက် သုတေသန လုပ်ငန်းတွေကို စတင်ဖို့ ရည်ရွယ်ထားကြောင်း အီရန်က ဒီအေဂျင်စီကို ပြီးခဲ့တဲ့လက အသိပေးခဲ့ပါတယ်။ ယူရေနီယမ်သတ္တုကို တီဟီရန် သုတေသန ဓာတ်ပေါင်းဖိုအတွက် လောင်စာအဖြစ် အသုံးပြုမှာဖြစ်ပြီး ငြိမ်းချမ်းစွာ အသုံးပြုဖို့ ရည်ရွယ်ချက်ဖြစ်တယ်လို့ ဆိုနေကြောင်း သိရပါတယ်။
ဒါပေမဲ့ သန့်စင်ထားတဲ့ ယူရေနီယမ်တွေကို နျူကလီးယားလက်နက်တွေ ထုတ်လုပ်ရာမှာ ကုန်ပစ္စည်းတစ်ခုအဖြစ် အသုံးပြုနိုင်တဲ့အတွက် နျူကလီးယား သဘောတူညီချက်မှာ ယူရေနီယမ်သတ္တု ထုတ်လုပ်မှုကို တားမြစ်ထားပါတယ်။
ပြီးခဲ့တဲ့လတွေတုန်းက အီရန်ဟာ နျူကလီးယား သဘောတူညီချက်ကို စိန်ခေါ်တဲ့ တင်းမာတဲ့ ဆောင်ရွက်ချက်တချို့ကို ပြုလုပ်ခဲ့ပြီး IAEA နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကြားမှာ စိုးရိမ်မှုတွေကို ဖြစ်ပေါ်နေစေပါတယ်။
Natanz ပြည်နယ် အလယ်ပိုင်းမှာရှိတဲ့ မြေအောက် နျူကလီးယားအဆောက်အအုံတစ်ခုမှာ အသစ် တပ်ဆင်ထားတဲ့ အဆင့်မြင့်စက်ဒလက်တွေကို အသုံးပြုပြီး ယူရေနီယမ်ကို သန့်စင်ဖို့ ဇန်နဝါရီလ ၃၀ ရက်နေ့မှာ စတင်လုပ်ဆောင်ခဲ့ပါတယ်။ ဒီလ အနှောင်းပိုင်းက စပြီး အီရန်ရဲ့ နျူကလီးယား အဆောက်အအုံတွေကို ရှောင်တခင် စစ်ဆေးမှုတွေ ပြုလုပ်ဖို့အတွက် IAEA ရဲ့ အဖွဲ့တွေ လက်ခံတာ ရပ်ဆိုင်းတော့မှာ ဖြစ်တယ်လို့လည်း အီရန်က IAEA ကို သတိပေးခဲ့ပါတယ်။
အီရန်ဟာ အမေရိကန်ရဲ့ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရုပ်သိမ်းလာစေဖို့ သမ္မတ Joe Biden အစိုးရကို ဖိအားပေးဖို့ ကြိုးပမ်းနေတယ်လို့ လေ့လာအကဲခတ်သူတွေက ဆိုပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ned Price က အီရန်က ယူရေနီယမ်သတ္တု ထုတ်လုပ်မှု စတင်တာကို တိုက်ရိုက် ရည်ညွှန်းခြင်းမရှိဘဲ စိုးရိမ်မှုကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
လတ်တလော လတွေအတွင်းမှာ အီရန်ဟာ နျူကလီးယားသဘောတူစာချုပ်ကနေ ပိုပြီးဝေးကွာအောင် မိမိကိုယ်တိုင် လုပ်ဆောင်လာနေတယ်လို့ မစ္စတာ Price က ပြောကြားခဲ့ပါတယ်။