အမေရိကန်ရဲ့ စိုးရိမ်ပူပန်မှုနဲ့ ပတ်သက်ပြီး တရုတ်သမ္မတကို အမေရိကန်သမ္မတ ပြောကြား

အမေရိကန် သမ္မတ Joe Biden ဟာ ပြီးခဲ့တဲ့လက သမ္မတရာထူး ရယူပြီးနောက်ပိုင်း ပထမဆုံးအဖြစ် တရုတ်သမ္မတ Xi Jinping နဲ့ တယ်လီဖုန်းနဲ့ တိုက်ရိုက်စကားပြောဆိုခဲ့ပါတယ်။

ခေါင်းဆောင်နှစ်ဦးတို့ဟာ ဗုဒ္ဓဟူးနေ့က တယ်လီဖုန်းနဲ့ စကားပြောဆိုခဲ့ကြတယ်လို့ အိမ်ဖြူတော်က ကြေညာခဲ့ပါတယ်။
အိမ်ဖြူတော်က ပြောကြားရာမှာ မစ္စတာ Biden က "တရုတ်အစိုးရရဲ့ အတင်းအကျပ်၊ မမျှမတ လုပ်ဆောင်တဲ့ စီးပွားရေးဆောင်ရွက်မှုတွေ၊ ဟောင်ကောင်မှာ ဖိနှိပ်မှုတွေ၊ ရှင်ကျန်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ထိုင်ဝမ်ကို ဦးတည်တာတွေ အပါအဝင် ဒေသတွင်းမှာ မိမိစိတ်ကြိုက် အပြုအမူတွေကို တိုးမြှင့် လုပ်ဆောင်လာနေတာတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေကို အလေးထားပြောကြားခဲ့တယ်" လို့ ဆိုပါတယ်။
မစ္စတာ Biden နဲ့ မစ္စတာ Xi တို့ဟာ တခြား ကိစ္စရပ်အမျိုးမျိုးအပြင် COVID-19 ကပ်ရောဂါနဲ့ ရာသီဥတု ပြောင်းလဲမှုတွေကို တုံ့ပြန်ရေးနဲ့ ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ခဲ့ကြတယ်လို့လည်း အိမ်ဖြူတော်က ဆိုပါတယ်။
တရုတ်အစိုးရကတော့ ဘယ်လို မှတ်ချက်မျိုးမှ တရားဝင်ကြေညာတာ မရှိသေးပေမဲ့ တရုတ်နိုင်ငံပိုင်ရုပ်မြင်သံကြား CCTV မှာတော့ ဒီလိုပြောဆိုဆွေးနွေးမှုကို Breaking News အဖြစ်နဲ့ ထုတ်လွှင့်ခဲ့ပါတယ်။ ခေါင်းဆောင်နှစ်ဦးတို့ဟာ နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေးအပြင် နိုင်ငံတကာနဲ့ ဒေသတွင်းက အရေးပါတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ အမြင်ချင်း ဖလှယ်ခဲ့ကြတယ်လို့ တရုတ်အစိုးရဘက်က ပြောပါတယ်။