မြန်မာ စစ်ဗိုလ်ချုပ်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အမေရိကန် သမ္မတ ညွှန်ကြား

အခုလအစောပိုင်းက မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အာဏာသိမ်းမှုအတွက် တာဝန်ရှိသူတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေကို အမေရိကန် သမ္မတ Joe Biden က ကြေညာခဲ့ပါတယ်။

မစ္စတာ Biden က ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုကို ညွှန်ကြားခဲ့တဲ့ မြန်မာစစ်ခေါင်းဆောင်တွေ၊ သူတို့ရဲ့ အကျိုးစီးပွားတွေနဲ့ နီးကပ်တဲ့ မိသားစုဝင်တွေ အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေချမှတ်တဲ့ သမ္မတအမိန့် တစ်ရပ်ကို သူအတည်ပြုခဲ့တယ်လို့ အိမ်ဖြူတော်မှာ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။
အမေရိကန်အစိုးရဟာ အခုသီတင်းပတ်မှာ ပထမအသုတ် ပစ်မှတ်တွေကို ထုတ်ဖော်သွားမယ်လို့ သူကဆိုပါတယ်။
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေးသမားတွေကို မြန်မာစစ်တပ်က ထိန်းသိမ်းခဲ့တဲ့ အဲဒီ အာဏာသိမ်းမှုကိုလည်း မစ္စတာ Biden က ပြင်းပြင်းထန်ထန် အပြစ်တင် ဝေဖန်ခဲ့ပါတယ်။
ဒီမိုကရေစီ ခေါင်းဆောင်တွေနဲ့ လှုပ်ရှားသူတွေကို ချက်ချင်း လွှတ်ပေးဖို့နဲ့ ထိန်းချုပ်ထားတဲ့ အာဏာတွေကို စွန့်လွှတ်ဖို့ မြန်မာစစ်တပ်ကို သူက တိုက်တွန်းခဲ့ပါတယ်။
ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး သူ့အစိုးရအနေနဲ့ အမေရိကန်ပြည်ထောင်စုထဲမှာရှိတဲ့ မြန်မာအစိုးရ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို မြန်မာ စစ်ဗိုလ်ချုပ်တွေ ရနိုင်ခြင်းမရှိစေဖို့ တားဆီးရေး စီစဉ်နေတယ်လို့ သူက ဆိုပါတယ်။ ဒါ့အပြင် တင်းကျပ်တဲ့ ပို့ကုန်ထိန်းချုပ်မှုတွေ ချမှတ်ပြီး စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု လုပ်ဆောင်ဖို့လည်း စဉ်းစားနေတယ်လို့ မစ္စတာ Biden က ဆိုပါတယ်။