မြန်မာရဲအရာရှိတွေ ဆန္ဒပြမှုတွေမှာ ပါဝင်လာ

မြန်မာနိုင်ငံမှာ ဆန္ဒပြဖို့ စည်းရုံးသူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်လို့ စစ်တပ်က သတိပေးနေတဲ့ အတောအတွင်း ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုတွေမှာ အစိုးရ အရာရှိတွေနဲ့ ရဲအရာရှိတွေ ပါဝင်လာခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ရန်ကုန်၊ နေပြည်တော်နဲ့ နိုင်ငံရဲ့ တခြားနေရာတွေမှာ များပြားလှတဲ့ လူတွေက လမ်းတွေပေါ်မှာ ဆန္ဒပြခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ စနေနေ့ကစပြီး ကြီးမားတဲ့ ဆန္ဒပြမှုတွေ ၅ ရက် ဆက်တိုက် ဖြစ်ပေါ်နေပါတယ်။
နိုင်ငံအရှေ့ပိုင်းက ကယားပြည်နယ်မှာ ယူနီဖောင်းဝတ် ရဲတပ်သား ၅၀ လောက်က သူတို့ကို ပေးထားတဲ့ တာဝန်ကို ထမ်းဆောင်ဖို့ ငြင်းဆန်ပြီး ဆန္ဒပြခဲ့ပါတယ်။ သူတို့ဟာ "စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တယ်"ဆိုတဲ့ စာတန်းကို ကိုင်ဆောင်ထားပြီး ဒီမိုကရေစီကို ထောက်ခံတဲ့ ကြွေးကြော်သံတွေကို ဟစ်ကြွေးခဲ့ကြပါတယ်။
ဆန္ဒပြပွဲတွေမှာ လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာနနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနတွေ အပါအဝင် အနည်းဆုံး ဝန်ကြီးဌာန ၅ ခုက ဝန်ထမ်း ထက်ဝက်ကျော် ပါဝင်ဆင်နွှဲနေတယ်လို့ ဆန္ဒပြမှုတွေကို ဦးဆောင်နေတဲ့ အစိုးရဝန်ထမ်းအုပ်စုတစ်စုက ပြောပါတယ်။ စစ်တပ်ဦးဆောင်တဲ့ အစိုးရ ယန္တရား ရပ်တန့်စေဖို့ ရည်ရွယ်ထားတယ်လို့ အဲဒီ အုပ်စုက ဆိုပါတယ်။