မြန်မာစစ်တပ်အပေါ် အရေးယူဆောင်ရွက်ဖို့ ဂျပန် လွှတ်တော်အမတ်တွေ တိုက်တွန်း

ဂျပန်က ပါတီစုံ လွှတ်တော်အမတ်တွေရဲ့ အုပ်စုတစ်စုက မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းမှုကို ခေါင်းဆောင်သူတွေအပေါ် ဂျပန်အစိုးရက အရေးယူဆောင်ရွက်ဖို့ တောင်းဆိုလိုက်ပါတယ်။

အဲဒီ အုပ်စုမှာ အဓိက အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ နဲ့ အတိုက်အခံ Constitutional Democractic Party က အမတ်တွေလည်း ပါဝင်ပါတယ်။
ဒီအုပ်စုက တောင်းဆိုချက်တွေကို ဗုဒ္ဓဟူးနေ့မှာ ရေးသားပြင်ဆင်ခဲ့ပြီး အစိုးရကို မကြာခင် တင်သွင်းဖို့ စီစဉ်နေပါတယ်။
အဲဒီ စာရွက်စာတမ်းမှာ ဒီအာဏာသိမ်းမှုဟာ အခုအချိန်အထိ ဒီမိုကရေစီကို ဦးတည်ပြီး ကြိုးပမ်းမှုတွေကို အချီးနှီးဖြစ်စေပြီး မြန်မာ ပြည်သူတွေရဲ့ မျှော်လင့်တောင့်တမှုတွေနဲ့ ဖီလာဆန့်ကျင်နေတဲ့ မခံမရပ်နိုင်ဖွယ် လုပ်ရပ်တစ်ခု ဖြစ်တယ်လို့ ဆိုထားပြီး လုံးဝ လက်ခံနိုင်ဖွယ်မရှိဘူးလို့ ရှုံ့ချ အပြစ်တင်ထားပါတယ်။
မြန်မာနိုင်ငံရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားသူတွေကို ချက်ချင်းလွှတ်ပေးဖို့နဲ့ အာဏာအားလုံးကို ဒီမိုကရေစီ အုပ်ချုပ်ရေးလက်ကို ပြန်လွှဲဖို့ ဂျပန်အစိုးရအနေနဲ့ မြန်မာစစ်တပ်ကို တောင်းဆိုသင့်တယ်လို့ အဲဒီ ဂျပန် လွှတ်တော်အမတ်တွေက ဆိုပါတယ်။
မြန်မာစစ်တပ်က ငြင်းဆိုခဲ့မယ်ဆိုရင် ဂျပန်အနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပ သမဂ္ဂ နိုင်ငံတွေနဲ့ အတူ ထိရောက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ဆောင်ရွက်ချက်တွေကို လုပ်ဆောင်သင့်တယ်လို့ အမတ်တွေက ပြောပါတယ်။ အဲဒီ ဆောင်ရွက်ချက်တွေမှာ လူသားချင်းစာနာမှုဆိုင်ရာ ရည်ရွယ်ချက်အတွက်ကလွဲလို့ မြန်မာနိုင်ငံအတွက် စီးပွားရေး ထောက်ပံ့မှုတွေကို ရပ်ဆိုင်းဖို့လည်း ပါဝင်ပါတယ်။