ဂျပန်ဧကရာဇ်ဘုရင်ကြီးနဲ့ ဘုရင်မကြီး Tohoku ဒေသက ပြည်သူတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဖို့ ရှိ

ဂျပန်ဧကရာဇ်ဘုရင်ကြီး Naruhito နဲ့ မိဖုရားကြီး Masako တို့ဟာ ၂၀၁၁ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ မြေငလျင်နဲ့ ဆူနာမီဒဏ်ကြောင့် အထိနာခဲ့တဲ့ ခရိုင် ၃ခုက ပြည်သူတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဖို့ စီစဉ်နေပါတယ်။

သူတို့ နှစ်ဦးဟာ အခုလ နှောင်းပိုင်းနဲ့ လာမယ့်လအတွင်း အိဝါ့တဲ၊ မိယာဂီနဲ့ ဖူကုရှီမခရိုင်က ပြည်သူတွေကို အွန်လိုင်းဗီဒီယိုက တစ်ဆင့် တွေ့ဆုံဖို့အတွက် စီစဉ်နေကြတယ်လို့ သတင်းအရင်းအမြစ်တွေအရ NHK က သိခဲ့ရပါတယ်။
ဘုရင်ကြီးနဲ့ မိဖုရားကြီးတို့ဟာ လာမယ့် အပတ်မှာ ဖူကုရှီမခရိုင် အုပ်ချုပ်ရေးမှူး Uchibori Masao နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိပြီး အကြီးအကျယ် ပျက်စီးသွားတဲ့ ဒေသ တချို့ရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး မစ္စတာ Uchibori က တင်ပြသွားဖွယ် ရှိပါတယ်။
Okuma နဲ့ Futaba မြို့ခံတွေနဲ့လည်း စကားပြောမယ်လို့ မျှော်လင့်ရပါတယ်။ ငလျင်နဲ့ ဆူနာမီဒဏ်ကြောင့် နျူကလီးယား ယိုစိမ့်မှု ဖြစ်ပွားခဲ့တဲ့ ဖူကုရှီမ အမှတ် (၁) နျူကလီးယား စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံဟာ အဲဒီ မြို့တွေမှာ တည်ရှိပါတယ်။
၂၀၁၉ခုနှစ်က ဘုရင်ကြီး Naruhito ထီးနန်းမဆက်ခံမီ ဘုရင်ကြီးနဲ့ မိဖုရားကြီးတို့ဟာ Tohoku ဒေသက အဲဒီ ခရိုင် ၃ခုကို ၃ကြိမ်စီ သွားရောက်ခဲ့ဖူးပါတယ်။